အိုတာဝါ၊ ဇူလိုင် ၁၆
ကနေဒါနိုင်ငံမှာ ဆိုးဆိုးရွားရွား လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် အမေရိကန် မြို့တွေမှာ အဝါရောင် အခိုးအငွေ့တွေ ဖုံးလွှမ်းနေပါတယ်။
ကနေဒါမှာ ဇူလိုင် ၁၅ ရက်က နေရာပေါင်း ၁၀၀ ကျော်မှာ တောမီးတွေလောင်ကျွမ်းနေတာ ဖြစ်ပြီး လေထု အရည်အသွေးနဲ့ပတ်သက်လို့ သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။
အဲဒီ တောမီးတွေကြောင့် အမေရိကန်နိုင်ငံ မင်နီဆိုတားပြည်နယ်ကနေ နယူးယောက်ခ်အထိ မီးခိုးမြူတွေ ပျံ့နှံ့နေပါတယ်။
အထူးသဖြင့် တိုရွန်တိုမြို့မှာ အဝါရောင် မီးခိုးမြူများ လွှမ်းခြုံနေပြီး ကုန်တင် ရထားတစ်စီး မီးတွေ ဝိုင်းလာတာကြောင့် ဝန်ထမ်းတွေက အရေးပေါ် ကယ်ဆယ်ပေးဖို့ တောင်းဆိုခဲ့တာကို ဗီဒီယိုဖိုင်တွေမှာ မြင်တွေ့ရပါတယ်။
အမ်းစရွမ်းမြို့အနီး တောမီး လောင်ကျွမ်းမှုအတွင်း အဲဒီ ကုန်တင်ရထား ပိတ်မိခဲ့တာ ဖြစ်ပါတယ်။
တိုရွန်တိုမြို့မှာ မီးခိုးတွေ လွှမ်းခြုံနေမှုကြောင့် ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လေထု အရည်အသွေးနဲ့ ကြုံတွေ့နေရတယ်လို့ ကနေဒါ သတင်းဌာနများက ဖော်ပြထား ပါတယ်။
အဲဒီ ဒေသတွင်း အပူလှိုင်း ဖြတ်သန်းနေပြီး ဒေသများစွာမှာ အပူချိန် ၉၀ ဒီဂရီ ဖာရင်ဟိုက်အထက် ကျော်လွန်နေပါတယ်။
ဇူလိုင် ၁၅ရက် ညနေပိုင်းက နယူးယောက်မြို့မှာ လေထု အရည်အသွေး ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိတဲ့ အခြေအနေသို့ ရောက်ရှိနေကြောင်း ကြေညာထားပါတယ်။
လေထု ညစ်ညမ်းမှု အဆင့် PM2.5 ထက် ပိုများနေတာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတွက် ကျန်းမာရေး အန္တရာယ်ရှိကြောင်း အာဏာပိုင်တွေက ပြောထားပါတယ်။
ကနေဒါနယ်စပ် အမေရိကန်နိုင်ငံ မင်နီဆိုတာ ပြည်နယ်မှာလည်း တောမီးတွေ လောင်ကျွမ်းနေပြီး အပူချိန် မြင့်တက်မှု၊ လေပြင်း တိုက်ခတ်မှုနဲ့ ခြောက်သွေ့တဲ့ အခြေအနေတွေကြောင့် တောမီး အရှိန်ပို ပြင်းထန်လာတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
ဒေသခံတွေအနေနဲ့ အဆောက်အဦထဲမှာပဲ နေကြဖို့၊ အပြင်ထွက်ရင် အသက်ပြင်းပြင်း မရှုကြဖို့လည်း ကျန်းမာရေး အရာရှိတွေက အကြံပြုထားပါတယ်။
အခုသီတင်းပတ်အတွင်း ပြင်းထန်တဲ့ အပူလှိုင်းနဲ့ ကြုံတွေ့ခဲ့ရတဲ့ ကနေဒါရဲ့ အကြီးမားဆုံး မြို့ တိုရွန်တိုမှာ ဇူလိုင် ၁၅ ရက်က ကောင်းကင်ယံ အဝါရောင် ပြောင်းသွားခဲ့ပြီး လေထု အရည်အသွေး ကျန်းမာရေး ထိခိုက်နိုင်တဲ့ အန္တရာယ်ရှိနေကြောင်း အရာရှိတွေက သတိပေးထားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ လေထု အရည်အသွေးကို စစ်ဆေး မှတ်တမ်းတင်နေတဲ့ IQAir ကုမ္ပဏီက ကနေဒါ လေထု အရည်အသွေးဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး အဆင့် ဖြစ်နေကြောင်း ဖော်ပြထားပါတယ်။
ကျန်းမာရေး ပြဿနာရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ အထူး သတိထားကြဖို့ ကနေဒါ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က သတိပေးထားပါတယ်။
ကွီဘက်ပြည်နယ်မှာ တောမီး လောင်ကျွမ်းမှုကြောင့် အမေရိကန် အရှေ့ဖက် ကမ်းရိုးတန်း မီးခိုးများ လွှမ်းမိုးသွားခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလောက် မီးမိုးတွေ ဆိုးဆိုးရွားရွား လွှမ်းခြုံမှု ရှိမှာ မဟုတ်ဘူးလို့ ကနေဒါ အရာရှိတွေက ပြောထားပါတယ်။
လက်ရှိ အချိန်အထိ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ်ကလို မီးခိုးတွေ လွှမ်းခြုံမှု မရှိနိုင်ကြောင်း နယူးယောက်ခ် အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေး ဌာနက ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
KN95 နှာခေါင်းစည်းတွေကို အများပြည်သူ သွားလာရာနေရာတွေမှာ အခမဲ့ ဖြန့်ဝေ ပေးသွားမှာ ဖြစ်ကြောင်းလည်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Ref:BBC/AP

