ကိဗ်၊ ဇူလိုင် ၁၆
ပင်လယ်နက်မှာရှိတဲ့ အိုဒက်ဆာ ဆိပ်ကမ်းမှာ ဒရုန်း၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီဒေသကို ရုရှားဘက်က တိုက်ခိုက်မှု ပဉ္စမမြောက်နေ့မှာ လူ သေဆုံးမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်း အရှေ့မြောက်ပိုင်း ဆမ်မီမြို့မှာ လူ ၃ ဦး သေဆုံးပြီး တောင်ပိုင်းရှိ ဇာရာပိုဇာမြို့မှာ နောက်ထပ် ၃ဦး သေဆုံးကြောင်း ယူကရိန်း အရာရှိတွေက ပြောပါတယ်။
တခြား ယူကရိန်း အရှေ့တောင်ပိုင်း ဒေသ ၃ ခုမှာ နောက်ထပ် လူ ၅ ဦး သေဆုံးကြောင်း အရာရှိတွေက ဆိုပါတယ်။
ပင်လယ်နက်ရှိ ရုရှား ရေနံတင်သင်္ဘော ၁၇ စီး အပါအဝင် ရုရှား သင်္ဘော အစီး ၂၀ ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းက သတင်းထုတ်ပြန်ပါတယ်။
သီးခြားအနေနဲ့ ယူကရိန်းမှာ အစိုးရ အဖွဲ့ ကြီးကြီးမားမား အပြောင်းအလဲ ပြုလုပ်နေပြီး ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးနှစ်ဦးစလုံး နုတ်ထွက်သွားကြောင်း သိရပါတယ်။
အိုဒက်စ်ဆာ ဆိပ်ကမ်းကို တိုက်ခိုက်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက စောစောပိုင်းက အတည်ပြုထားပြီး ရေနံ၊ ဆီနဲ့ ချောဆီတွေ အတင်အချ ပြုလုပ်နေတဲ့ ဆိပ်ကမ်း အခြေခံ အဆောက်အဦကို ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ရုရှားက ယူကရိန်းရှိ အထပ်မြင့် အဆောက်အဦ တစ်ခုကို တိုက်ခိုက်မှုဟာ အရပ်သားတွေအပေါ် တမင်တကာ ပစ်မှတ်ထား တိုက်ခိုက်မှု ဖြစ်ပြီး အရပ်သား ပြည်သူတွေ ထိခိုက် သေဆုံးခဲ့ရကြောင်း ယူကရိန်း ဒေသဆိုင်ရာ အရာရှိတွေက ပြောထားပါတယ်။
လူနေထိုင်မှု မရှိတဲ့ အဆောက်အဦ တစ်ခုနဲ့ ဂတ်စ်ပိုက်လိုင်း တစ်ခုလည်း ရုရှား တိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့ကြောင်း ယူကရိန်း အရာရှိတွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်း ယူကရိန်းမှာ အရပ်သား ၂၉၃ ဦး သေဆုံးပြီး ၁၉၉၀ ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ဇူလိုင် ၁၅ ရက်မှာ ပြောပါတယ်။
ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တာဝေး တိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှု အဓိက ဖြစ်စေပြီး သေဆုံးမှု အားလုံးရဲ့ ၄၅ ရာခိုင်နှုန်း ရှိကြောင်း သိရပါတယ်။
ရုရှား စစ်တပ်ကတော့ စစ်ဖက်ဆိုင်ရာ လက်နက်တွေ ထုတ်လုပ်ရေး ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေကိုပဲ တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောဆိုထားပေမယ့် ယူကရိန်းမှာ အရပ်သားများ သေဆုံးမှု ပိုမိုများပြားလာနေတာ ဖြစ်ပါတယ်။
Ref:BBC

