ဒါကာ၊ ဇွန် ၂၉
၂၀၂၄ လူထု အုံကြွမှုအတွင်း ဆန္ဒပြသူတွေကို သတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး မြို့တော် ဒါကာ ရဲမှူးချုပ်ဟောင်း အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဘင်္ဂလားဒေ့ချ် အထူးတရားရုံးက ဇွန် ၂၈ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။
တရားသူကြီး မိုဟာမတ် ဂိုလမ် မော်တူဇာ မိုဇမ်ဒါ ဦးဆောင်တဲ့ အဖွဲ့ဝင် ၃ ဦးပါ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးက အခုလိုမျိုး အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ဇူလိုင်လက လူထုအုံကြွမှုအတွင်း ဒါကာမြို့ အဆောက်အဦ တစ်ခုကနေ တွဲလောင်းခိုဆင်းနေတဲ့ လူငယ် တစ်ဦးနဲ့ တခြား လူ ၂ ဦးကို ပစ်သတ်ခဲ့မှု အပါအဝင် အဲဒီ ရဲတပ်ဖွဲ့ဝင်တွေကို လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ အရေးယူခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ရဲတွေရဲ့ ပစ်ခတ်သတ်ဖြတ်ပုံ ဗီဒီယိုဖိုင် အွန်လိုင်းမှာ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပြီး နိုင်ငံတဝှမ်း ကြီးကြီးမားမား ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
နောက်ပိုင်းမှာ အဲဒီ သတ်ဖြတ်မှုတွေကတဆင့် အဲဒီအချိန်က ဝန်ကြီးချုပ် ရှိတ်ချ် ဟာဆီနာ အစိုးရ ဖြုတ်ချခံခဲ့ရပါတယ်။
အစိုးရ အဖွဲ့ ဖြုတ်ချခံရပြီးနောက် ဟာဆီနာကို စစ်တပ် ရဟတ်ယာဉ်နဲ့ အိန္ဒိယသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဲဒီအမှုအတွင်း တရားရုံးက တခြား ၂ ဦးကို တစ်သက်တစ်ကျွန်း ထောင်ဒဏ် အပြင် နောက်တိုး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။
သေဒဏ်ချမှတ်ခံရသူတွေထဲမှာ ဒါကာ မြို့ပြဒေသဆိုင်ရာ ရဲမှူးကြီး ဟာဘီဘာ ရာမန် ပါဝင်ပြီး သူဟာ တခြား အမှုတစ်ခုအတွင်းလည်း သေဒဏ် ချမှတ်ခံခဲ့ရပါတယ်။
အမိန့်ချမှတ်ခံရသူ ၄ ဦးစလုံးဟာ ထွက်ပြေး တိမ်းရှောင်နေတာ ဖြစ်ကြောင်း သိရပြီး မျက်ကွယ် ပြစ်ဒဏ်ချမှတ်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက အဲဒီ တရားရုံးကပဲ ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုနဲ့ သေဒဏ် ချမှတ်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူထု အုံကြွမှုအတွင်း လူ ၁၄၀၀ ကျော် သေဆုံးပြီး တခြား ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂရဲ့ ဖော်ပြချက် အရ သိရပါတယ်။
ဆန္ဒပြသူအများစုကို ဝန်ကြီးချုပ်ဟောင်း ဟာဆီနာရဲ့ အဝါမီလိဂ် ပါတီ အဖွဲ့ဝင် ရဲတပ်ဖွဲ့တွေက ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယမှာ တိမ်းရှောင်နေတဲ့ ဟာဆီနာက အခုနှစ်အတွင်း ဘင်္ဂလားဒေ့ချ်သို့ ပြန်လာမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွဲချက်နဲ့ မျက်ကွယ် ပြစ်ဒဏ် သေဒဏ်ချမှတ်ခံထားရတဲ့ ဟာဆီနာက ဇွန် ၂၈ ရက် အင်တာဗျူး တစ်ခု အတွင်း အခုလိုမျိုး ပြောဆိုခဲ့တာပါ။
သံလက်သီးနဲ့ ၁၅ နှစ်ကြာ အုပ်ချုပ်မှုသက်တမ်း အဆုံးသတ်စေခဲ့တဲ့ ကျောင်းသားများ ဦးဆောင်တဲ့ လူထုအုံကြွမှုကြောင့် အသက် ၇၈ နှစ်အရွယ် ဟာဆီနာဟာ ၂၀၂၄ ခုနှစ် သြဂုတ်လမှာ အိမ်နီးချင်း အိန္ဒိယသို့ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။
သူ့ကို အဲဒီ နောက်ပိုင်း လူအများရှေ့ မမြင်တွေ့ခဲ့ရဘဲ ဇန်နဝါရီလက နယူးဒေလီမှာ မီဒီယာနဲ့ တွေ့ဆုံမှု တစ်ကြိမ်ပဲ ရှိခဲ့ပါတယ်။
အိန္ဒိယ သတင်းဌာန NDTV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဟာဆီနာက သူ့အနေနဲ့ သေရမှာ မကြောက်ဘဲ သူ့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ဟာ နိုင်ငံရေးနဲ့ သက်ဆိုင်နေပြီး တရားမဝင်သလို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း မညီဘူးလို့ ပြောဆိုထားပါတယ်။
သူဟာ ပြည်သူလူထုက ဝန်ကြီးချုပ်အဖြစ် ၅ ကြိမ်တိုင် ရွေးချယ်တင်မြှောက်ခံရသူ ဖြစ်ပြီး နိုင်ငံ ဖွံ့ဖြိုး တိုးတက်အောင် ကြိုးစား လုပ်ဆောင်ခဲ့တယ်လို့ ဟာဆီနာက ပြောဆိုထားပါတယ်။
Ref:AFP

