မော်စကို၊ ဇွန် ၂၉
ယူကရိန်း ဒေသ ၄ ခုကို အပြည့်အဝသိမ်းပိုက်နိုင်ရေး စစ်ပွဲရည်ရွယ်ချက်အတိုင်း ရုရှားအနေနဲ့ ရှေ့တိုး ဖိအားပေး တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ဇွန် ၂၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။
၄ နှစ်ကျော်ကြာ စစ်ပွဲအတွင်း ရန်လို တိုက်ခိုက်မှုတွေကို ထိန်းချုပ်ရေး ယူကရိန်းရဲ့ အဆိုပြုချက်တွေကို လက်မခံဘူးလို့ သူက ပြောပါတယ်။
ရုရှား နိုင်ငံပိုင်သတင်းဌာနက အင်တာဗျူးသူကို ပြောကြားရာမှာ ပူတင်က မိမိတို့ရဲ့ ရေနံလုပ်ငန်းတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်မှု ပိုမို လုပ်ဆောင်လာတာကြောင့် ကာကွယ်ရေး စွမ်းပကား အားကောင်းအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ဇွန် ၂၈ ရက် စောစောပိုင်းက ကရင်မလင်နန်းတော်မှာ အစိုးရဝန်ကြီးတွေ၊ တခြား အရာရှိတွေနဲ့ တွေ့ဆုံချိန် ပူတင်က ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကြောင့် ရုရှား ဒေသ များစွာမှာ လောင်စာ ပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် ဖြေရှင်းနေတယ်လို့ ပြောပါတယ်။
ငြိမ်းချမ်းရေး ခြေလှမ်း တစ်ရပ်အနေနဲ့ ယူကရိန်းက တာဝေး တိုက်ခိုက်မှုတွေကို နှစ်ဖက် ရပ်ဆိုင်းရေး အဆိုပြုထားတယ်လို့ ပူတင်က ရုပ်သံက ထုတ်လွှင့်တဲ့ အင်တာဗျူးမှာ ပြောပါတယ်။
၇၇၅ မိုင်ရှည်တဲ့ နယ်စပ် နှစ်ဖက် စစ်တပ် ထိတွေ့တဲ့ နေရာမှာ မော်စကိုက ယူကရိန်းတပ်တွေကို ဖိအား ပိုပေးဖို့ ရည်ရွယ်ထားပုံရပါတယ်။
ယူကရိန်း နယ်မြေ အတွင်းနက်နက်ထဲ အထိ မိမိတို့ရဲ့ တန်ပြန် တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ယူကရိန်းက အခုလိုမျိုး အဆိုပြုထားတယ်ဆိုတာ ရှင်းလင်းကြောင်း ပူတင်က ပြောပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ရှိနေပြီး ပွင့်ပွင့်လင်းလင်း ပြောရရင် အများကြီး ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။
ယူကရိန်းမှာ စစ်သား ပြတ်လပ်မှု ဆိုးဆိုးရွားရွားကြုံနေရပြီး ယူကရိန်း အစိုးရကိုကယ်တင်ရေး မိမိတို့ အစီအစဉ်ထဲမှာ မရှိဘူးလို့ ပူတင်က ပြောပါတယ်။
ပူတင်ရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ယူကရိန်း သမ္မတရုံးကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ ရိုက်တာ သတင်းဌာနက ဖော်ပြထား ပါတယ်။
ဇီလန်စကီးက ပူတင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ အခုလအတွင်း အိတ်ဖွင့် ပေးစာ တစ်စောင် ပေးပို့ခဲ့ပေမယ့် ရုရှား ခေါင်းဆောင်က ပယ်ချခဲ့ပါတယ်။
ရုရှားက ဒွန်ဘတ်စ်နဲ့ နိုဗိုရိုဆီယာဒေသ လုံးဝ လွတ်မြောက်ရေး အဓိက ရည်မှန်းထားတယ်လို့ ပူတင်က ပြောပါတယ်။
ဒွန်ဘတ်စ် ဒေသရှိ လက်ကျန် စစ်စခန်းတွေကို စွန့်လွှတ်ဖို့ ယူကရိန်းကို ပူတင်က တောင်းဆိုထားတာ ကြာပြီ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ ကျူးကျော် တိုက်ခိုက်ပြီးနောက် ၇ လ အကြာမှာ ရုရှားက ဒိုနက်စ်နဲ့ လူဒဟန့်ဇ် အပါအဝင် ဒွန်ဘတ်စ်ရှိ ဒေသ လေးခုကို သူတို့ ပိုင်နက်ထဲ သွင်းသွင်းခဲ့ပါတယ်။
ယူကရိန်းရဲ့တာလတ်နဲ့ တာဝေး ဒရုန်းတွေကို ကာကွယ်ရေး ပထမဆုံး အလျင်အမြန် လုပ်ဆောင်ရမှာက လေကြောင်း ကာကွယ်ရေးစနစ်တွေကို သိသိသာသာ အရှိန်မြှင့်ထုတ်လုပ်ရမှာ ဖြစ်တယ်လို့ ပူတင်က ပြောပါတယ်။
မိမိတို့နိုင်ငံရဲ့ ဘယ်နေရာကိုပဲ တိုက်ခိုက်တိုက်ခိုက် ရှေ့တန်း စစ်မျက်နှာ အခြေအနေအပေါ် သက်ရောက်မှု မရှိဘူးလို့ သူက ပြောပါတယ်။
Ref:Reuters

