ကဘူးလ်၊ ဇွန် ၂၉
အာဖဂန်နစ္စတန် နယ်စပ်မှာ ပါကစ္စတန်က ဝေဟင်နဲ့ မြေပြင် ထိုးစစ်ဆင်မှု အတွင်း စစ်သွေးကြွ ၂၉ ဦးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ဇွန် ၂၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။
ပါကစ္စတန်ရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သား ၃၈ ဦးထက်မနည်း သေဆုံးကြောင်း အာဖဂန်နစ္စတန် တာလီဘန် အစိုးရက ပြောပါတယ်။
ဇွန် ၂၈ ရက်က ပါကစ္စတန်ရဲ့ တိုက်ခိုက်မှုဟာ အာဖဂန်နစ္စတန်မှာ စစ်သွေးကြွတွေ ပုန်းခိုနေတယ်ဆိုတဲ့ နေရာတွေကို ပါကစ္စတန်က ဒုတိယအကြိမ်မြောက် တိုက်ခိုက်တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလက အိမ်နီးချင်း ပြိုင်ဖက် နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်ရဲ့ တိုက်ခိုက်မှုကြောင့် တိုက်ပွဲတွေ အရှိန်မြင့်တက်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ပက်တီးယား၊ ပက်ကတီကာ၊ ကူနာဒေသတွေကို ပါကစ္စတန်က လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။
အဲဒီ တိုက်ခိုက်မှုတွေအတွင်း စစ်သွေးကြွ ၂၅ ဦး သေဆုံးပြီး လက်နက်နဲ့ ခဲယမ်းမီးကျောက် အများအပြား ဖျက်ဆီးနိုင်ခဲ့ကြောင်း ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး အတူလာ တာရာက လူမှုမီဒီယာမှာ ရေးပါတယ်။
နှစ်နိုင်ငံ နယ်စပ် မြောက်ပိုင်း ပါတွန် ခါတွာခါ ပြည်နယ် ဘာဂျွာ ဒေသမှာလည်း ပါကစ္စတန်က မြေပြင်စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး ဂျာမတ် အူအာရာ အဖွဲ့ ဆက်စပ်တဲ့ တိုက်ခိုက်ရေးသမား ၄ ဦး သေဆုံးကြောင်း ပါကစ္စတန် စစ်တပ်က ပြောပါတယ်။
ဒါပေမဲ့ အာဖဂန်နစ္စတန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာ ဖီရက်က ပါကစ္စတန်ရဲ့ တိုက်ခိုက်မှုတွေအတွင်း အရပ်သား ၃၈ ဦး သေဆုံးပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ၁၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
ဒုတိယမြောက် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အရပ်သားတွေက ကယ်ဆယ်ရေး လုပ်ပေးခဲ့ရကြောင်း ဆမ်ခါနီ ဒေသ လက်ထောက်အကြီးကဲ ခါလစ် အာမက် ဆာဂျက်က ပြောပါတယ်။
ပါကစ္စတန်က တည်နေရာ တစ်ခုတည်းကို လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ် ဆက်တိုက်ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့တွေအနေနဲ့ အာဖဂန်နစ္စတန် ရှိ စစ်သွေးကြွတွေ ပုန်းခိုရာ နေရာတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အတူလာ တာရာက ပြောဆိုထားပါတယ်။
Ref:Reuters

