ဘန်ကောက် ဇွန် ၂၉

ထိုင်းနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ PT စက်သုံးဆီဆိုင် ၃ ဆိုင် ဟာ ဇွန် ၂၈ ရက် ညပိုင်းက တချိန်တည်းနီးပါး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး မီးလောင်ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ကြိုတင်စီစဉ်ထားတဲ့ ပူးပေါင်းလုပ်ဆောင်မှုဖြစ်နိုင်တယ်လို့ ထိုင်းလုံခြုံရေးအာဏာပိုင်တွေက ယူဆနေပါတယ်။

ထိုင်းပြည်တွင်းလုံခြုံရေး စစ်ဆင်ရေးဌာန (ISOC) ရဲ့ ထုတ်ပြန်ချက်အရ ပေါက်ကွဲမှုတွေဟာ ည ၁၁ နာရီဝန်းကျင်မှာ ဆက်တိုက်နီးပါး ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပစ်မှတ်ထားခံရတဲ့ ဆီဆိုင်တွေကတော့ ယာလာခရိုင် မြို့နယ်တစ်ခုမှာ ၁ ဆိုင်နဲ့ ပတ္တနီခရိုင် ဆိုင်ဘူရီနဲ့ ယာရင်းမြို့နယ်တွေမှာ ၂ ဆိုင်ဖြစ်ပါတယ်။ ပေါက်ကွဲမှုအပြီး ဆီဆိုင်သုံးဆိုင်စလုံးမှာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့တွေက အချိန်မီ ဝင်ရောက်ငြှိမ်းသတ်ခဲ့ရပါတယ်။

ဒီဖြစ်စဉ်အတွင်း ဆိုင်ဘူရီမြို့နယ်မှာ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး Sai Buri Crown Prince ဆေးရုံကို အရေးပေါ် ပို့ဆောင်ကုသခဲ့ရတယ်လို့ ISOC က ပြောပါတယ်။ လက်ရှိအချိန်ထိတော့ ဒဏ်ရာရသူရဲ့ အသေးစိတ်အခြေအနေကို မထုတ်ပြန်သေးပါဘူး။

ပေါက်ကွဲမှုဖြစ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေဟာ နေရာတဝိုက်ကို ချက်ချင်းပိတ်ဆို့စစ်ဆေးခဲ့ပြီး ဗုံးဖောက်ခွဲရေးပစ္စည်း အထောက်အထားတွေကို ရှာဖွေစစ်ဆေးနေသလို နောက်ထပ် ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ ရှိမရှိကိုလည်း စစ်ဆေးနေပါတယ်။

ယာလာမြို့က တိုက်ခိုက်ခံရတဲ့ PT ဆီဆိုင်အနီးမှာရှိတဲ့ ဆိုင်တချို့ဟာ လုံခြုံရေးအခြေအနေကြောင့် ဇွန် ၂၉ တနင်္လာနေ့မနက်ပိုင်းအထိ ပိတ်ထားဆဲဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ စစ်တပ်က နယ်မြေလုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပါတယ်။

လက်ရှိအချိန်အထိ ဘယ်အဖွဲ့အစည်းက ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးပေမယ့် ထိုင်းတောင်ပိုင်းမှာ အရင်ကလည်း လုံခြုံရေးတပ်ဖွဲ့တွေ၊ အစိုးရအဆောက်အအုံတွေ၊ စီးပွားရေးလုပ်ငန်းတွေအပေါ် အလားတူ ဗုံးခွဲတိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ဖူးပါတယ်။

အာဏာပိုင်တွေကတော့ ဖြစ်စဉ်နောက်ကွယ်က တာဝန်ရှိသူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.