ပါရီ၊ ဇွန် ၂၅

အီဘိုလာရောဂါ ပျံ့နှံ့မှု အကြီးအကျယ် ဖြစ်ပွားနေတဲ့ ကွန်ဂိုနိုင်ငံကနေ လေကြောင်းခရီးနဲ့ ပြန်လာသူ ဆရာဝန် တစ်ဦး ရောဂါ ကူးစက်ခံထားရကြောင်း ပြင်သစ် ကျန်းမာရေးအရာရှိတွေက အတည်ပြုလိုက်ပါတယ်။

ယူဂန္ဓာနိုင်ငံကိုလည်း ထိခိုက်စေခဲ့တဲ့ ရောဂါ ပျံ့နှံ့မှုအတွင်း ပြင်သစ်မှာ တွေ့ရှိတဲ့ လူနာဟာ အာဖရိက ပြင်ပမှာ ပထမဆုံး တွေ့ရှိတဲ့ လူနာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ အီဘိုလာရောဂါ ပျံ့နှံ့ချိန်အတွင်း ပြင်သစ် လူနာ နှစ်ဦးကို ပြည်ပမှာပဲ ရောဂါ စစ်ဆေး ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

မိမိတို့ နိုင်ငံထဲမှာ အီဘိုလာ ဗိုင်းရပ်စ် ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိတာ ဖြစ်ကြောင်း ပြင်သစ် ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

ဇွန် ၂၃ ရက်မှာ ပါရီမြို့ကို ရောက်ရှိလာတဲ့ အဲဒီ လူနာဟာ ကင်ရှာဆာလေကြောင်း လိုင်း လေယာဉ်နဲ့ ဆိုက်ရောက်လာတာ ဖြစ်ပြီး ခေါင်းကိုက်တာကလွဲလို့ တခြား ရောဂါ လက္ခဏာ ခံစားရမှု မရှိဘူးလို့ သိရပါတယ်။

လေယာဉ် စီးလာချိန် သူ့အနေနဲ့ မအီမသာ ခံစားခဲ့ရပြီး ပါရီမြို့သို့ ဆိုက်ရောက်ချိန်မှာ အထူးသီးသန့် ရောဂါ ခြေခြုပ်ထားရှိထားပါတယ်။

လူနာဟာ အခြေအနေ တည်ငြိမ်ပြီး ဗိုင်းရပ်စ် တွေ့ရှိမှု ပမာဏ နည်းပါးတယ်လို့ ပြင်သစ် ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

ပြင်သစ်နိုင်ငံတွင်း ရောဂါ ကူးစက်နိုင်ခြေ နည်းပေမယ့် အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ဝန်ကြီချုပ် ဆဘက်စတီယန် လီကိုနုက ပြောပါတယ်။

နိုင်ငံတကာ ဆေးဝါးကုသပေးရေး The Alliance for International Medical Action အဖွဲ့က ဆရာဝန်ကို ပြင်သစ်မှာ အီဘိုလာ ကူးစက်ကြောင်း စစ်ဆေး တွေ့ရှိတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အီဘိုလာရောဂါ ရှိသူတွေကို သွားရောက် စောင့်ရှောက်ခဲ့တဲ့ လူသားချင်း စာနာထောက်ထားရေး လုပ်သားတွေအနေနဲ့ သီတင်း သုံးပတ် ရောဂါခြေချုပ် နေထိုင်ရမှာ ဖြစ် ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.