ကွာလာလမ်ပူ ဇွန် ၂၆

မလေးရှားဟာ လက်ရှိ မြန်မာ ရွေးကောက်ပွဲကနေတက်လာတဲ့ အစိုးရအဖွဲ့ကို အသိအမှတ်မပြုကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် ပြောဆိုလိုက်ပါတယ်။

မကြာသေးခင်က နေပြည်တော်ကို သွားပြီး မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့တာကြောင့် မလေးရှားက စစ်ကောင်စီကို အသိအမှတ်ပြုလိုက်ပြီလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် ဝန်ကြီး ဟာဆန်ကတော့ သူတို့ကို အသိအမှတ်မပြုကြောင်းနဲ့ အသိအမှတ်မပြုတဲ့အတွက် မလေးရှားဘက်က သူတို့ကို အစိုးရလို့တောင် မခေါ်ဆိုကြောင်း လွှတ်တော်မှာ ဇွန် ၂၅ ရက်က ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်က စစ်အစိုးရကို ထောက်ခံဖို့ မဟုတ်ဘဲ အာဆီယံရဲ့ တူညီဆန္ဒ ငါးချက်ကို အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးဖို့ သွားရောက်ခဲ့တာလို့ ဆိုပါတယ်။

ဆွေးနွေးမှုတွေထဲမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး တည်ငြိမ်မှု၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်နိုင်ချေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ ရိုဟင်ဂျာဒုက္ခသည် ပြဿနာနဲ့ အွန်လိုင်းငွေလိမ်မှု တိုက်ဖျက်ရေးတို့ ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မလေးရှားဘက်က မြန်မာနိုင်ငံအတွက် ရေရှည် နိုင်ငံရေးအဖြေတစ်ခုအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုပေးတဲ့စနစ်နဲ့ ဖက်ဒရယ်စနစ် အစိတ်အပိုင်းတွေကို စဉ်းစားဖို့လည်း အကြံပြုခဲ့တယ်လို့ သိရပါတယ်။

ဝန်ကြီး ဟာဆန်က အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို လုံးဝ အထီးကျန်ထားလို့ မရကြောင်းနဲ့ အဲဒီလို လုပ်ဆောင်လိုက်ပါက ပြင်ပအင်အားကြီးနိုင်ငံတွေ ဝင်ရောက်သြဇာလွှမ်းမိုးဖို့ အခွင့်အရေး ပိုရသွားနိုင်တယ်လို့ ဆိုပါတယ်။

မလေးရှားက လက်ရှိ မြန်မာစစ်အစိုးရကို တရားဝင်အသိအမှတ်မပြုသေးဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားပေမယ့် အာဆီယံရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုအတွက် ဆက်လက် ဆက်သွယ်ဆွေးနွေးနေဆဲ အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။

Ref:NST

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.