သုံးလအတွင်း နေအိမ်တစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံရ

မော်လမြိုင် ၊ နိုဝင်ဘာ ၂၈

စစ်တပ်ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲအလွန် အခုနှစ် မတ်လကနေ မေလအတွင်း တိုင်းနဲ့ပြည်နယ် ကိုးခုရှိ ကျေးရွာရပ်ကွက်ပေါင်း ၁၀၂ ခုမှာ အရပ်သားနေအိမ်ပေါင်း ၁၀,၆၇၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ကနေ သိရပါတယ်။

ပဋိပက္ခကာလအတွင်း အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုအခြေအနေတွေနဲ့ ပတ်သက်လို့ ၂၀၂၆ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မီးလောင်မှုဖြစ်စဉ်တွေနဲ့အတူ ကိန်းဂဏန်းအချက်အလက်တွေကို ထည့်သွင်းဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲကျင်းပဖို့ လျာထားတဲ့ မြို့နယ်တွေမှာ စစ်ကြောင်းထိုးနယ်မြေရှင်းလင်းတာတွေကြောင့် ပဋိပက္ခနယ်မြေက ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး အရပ်သားနေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

အလားတူ ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်ယူတာ အစိုးရအဖွဲ့ ဖွဲ့စည်းတာတွေ လုပ်ဆောင်ခဲ့တဲ့ မတ်လနဲ့ မေလတွေမှာလည်း စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာတွေ ဆက်လက် လုပ်ဆောင်ခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

အဲဒီကာလအတွင်း မီးရှို့ဖျက်ဆီးမှုတွေကြောင့် မန္တလေးတိုင်းထဲက မြင်းခြံနဲ့ တောင်သာ၊ မကွေးတိုင်းထဲက ပခုက္ကူနဲ့ စလင်း၊ စစ်ကိုင်းတိုင်းထဲက ချောင်းဦးနဲ့ ပုလဲ စတဲ့ မြို့နယ်တွေမှာ နေအိမ်ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းထဲက ပေါင်းတည်နဲ့ နတ်သလင်း၊ ကချင်ပြည်နယ်က ဖားကန့်၊ ကရင်နီပြည်နယ်က ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘော်လခဲ၊ ကရင်ပြည်နယ်က ဖာပွန်၊ ချင်းပြည်နယ်က ဖလမ်း၊ ဟားခါး၊ မင်းတပ်၊ တနင်္သာရီတိုင်းထဲက လောင်းလုံး စတဲ့ မြို့နယ်တွေမှာလည်း နှစ်ဘက်စစ်ရေးပဋိပက္ခတွေနဲ့ စစ်တပ်တပ်ဖွဲ့ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

Data for Myanmar ကနေ အခုနှစ် မေလကုန်အထိ ကောက်ယူစုစည်းထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်း ငါးနှစ်ကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ် ၁၃၆,၇၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ကျူးလွန်ခဲ့တဲ့ အဖွဲ့အစည်းတွေထဲမှာ စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ် ၁၃၂,၈၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့အတွက် ရာခိုင်နှုန်းအနေနဲ့ ၉၇ ရာခိုင်နှုန်းကျော် အထိ ရှိနေတာပါ။

တိုင်းနဲ့ ပြည်နယ်အလိုက်ကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်းက နေအိမ် ၈၀,၀၀၀ ကျော်အထိ ဆုံးရှုံးခဲ့ရလို့ တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သားနေအိမ် စုစုပေါင်းရဲ့ ၅၉ ရာခိုင်နှုန်းကျော် ရှိပြီး ကျန်ဒေသတွေထဲက မကွေး၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်တို့မှာလည်း ထိခိုက်ပျက်စီးမှု သိသိသာသာ များတာ တွေ့ရပါတယ်။

ဒါကြောင့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ အမြန်ဆုံးရပ်တန့်ပြီး အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်အောင် စစ်ရေးကျင့်ဝတ်တွေကို အတတ်နိုင်ဆုံး လိုက်နာသင့်တယ်လို့ Data for Myanmar က အကြံပြုပါတယ်။

ဒီလိုမျိုး ရပ်လုပ်တွေ အမြန်ဆုံးရပ်တန့်ဖို့ ဖိအားပေးသင့်သလို အရပ်ဘက်အဖွဲ့အစည်းတွေက အရပ်သားထိခိုက်မှုလျော့ကျစေမယ့် ဘေးကင်းရေးအစီအမံတွေ ပညာပေးတာတွေ လုပ်နိုင်ဖို့ လိုအပ်တဲ့ နည်းပညာနဲ့ ရန်ပုံငွေတွေ ပံ့ပိုးပေးသင့်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်တွန်းထားတာပါ။

ဒါ့အပြင် စစ်ရေးပဋိပက္ခ ပြင်းထန်တဲ့ဒေသက ပြည်သူတွေအနေနဲ့လည်း စစ်ကြောင်းထိုး ဝင်ရောက်လာချိန်နဲ့ ရွာအတွင်း ပြန်လည်ဝင်ရောက်လာချိန်မှာလည်း ဘေးကင်းလုံခြုံမှုရှိမှ ပြန်လည်ဝင်ရောက်သင့်တယ်လို့ အစီရင်ခံစာမှာ အကြံပြုထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.