ကော့ကရိတ်၊ နိုဝင်ဘာ ၂၈
ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီမြို့ အာရှလမ်းမပေါ်မှာရှိတဲ့ တံတားကျိုးစစ်တပ် စစ်ဆေးရေးဂိတ်မှာ ကုန်စည်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားတွေနဲ့ ထိုင်းကပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဦးတည်ပြီး သိန်းဂဏန်းအထိ တောင်းယူနေတယ်လို့ ခရီးသွားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တံတားကျိုးစစ်ဆေးရေးဂိတ်မှာ လုံခြုံရေးနဲ့ တရားမဝင်ကုန်စည် သယ်ဆောင်လာတယ်ဆိုပြီး အကြောင်းပြကာ စစ်တပ်နဲ့ ဌာနဆိုင်ရာဝန်ထမ်းအဖွဲ့တွေက ခရီးသွားတွေနဲ့ ကားသမားတွေထံကနေ ငွေကြေးတောင်းယူတဲ့ဖြစ်စဉ်တွေ အမြဲရှိနေခဲ့တာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း ထိုင်းကနေ ကရင်ပြည်နယ် ဘားအံမြို့ကိုပြန်လာတဲ့ မှတ်ပုံတင်အထောက်အထားအပြည့်အစုံပါတဲ့ မြန်မာရွှေ့ပြောင်းတွေဟာ တံတားကျိုးစစ်ဆေးရေးဂိတ်မှာ အကြောင်းပြချက်မရှိဘဲနဲ့ တစ်ဦးကို ငွေကြေး ကျပ် ၃၀၀၀၀ အထိ တောင်းယူနေတယ်လို့ ဖြစ်စဉ်မှာကြုံနေရတဲ့သူက ဆိုပါတယ်။
ငွေတောင်းယူနေတဲ့ စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ အရပ်ဝတ်တွေနဲ့ ထိုင်ခုံမှာထိုင်နေကာ ငွေတောင်းနေကြတာဖြစ်ပြီး မှတ်ပုံတင်အထောက်အထားပါဝင်ပေမယ့် ဘာကြောင့်ငွေပေးရတယ်ဆိုတာ မေးမြန်းခွင့်မရှိဘဲ ကားပေါ်ပါလာသူအားလုံး ငွေပေးခဲ့ရတယ်လို့ ဆိုထားပါတယ်။
တံတားကျိုးစစ်ဆေးရေးဂိတ်ဟာ မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်မှာ ငွေကြေးအတင်းအဓမ္မတောင်းယူတဲ့နေရာမှာ နာမည်အကြီးဆုံးဂိတ်ကြီးတစ်ခုဖြစ်ပြီး အထူးသဖြင့် ထိုင်းကနေ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ပစ်မှတ်ထားကာ ငွေကြေးတောင်းယူနေကြတယ်လို့ ခရီးသွားတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် ထိုင်းကုန်ပစ္စည်းတွေအပါအဝင် ပြည်တွင်းကုန်တွေ တင်ဆောင်လာတဲ့ ကားတွေကိုလည်း တံတားကျိုးဂိတ်မှာရှိတဲ့ စစ်တပ်အဖွဲ့က ငွေကျပ် သိန်းဂဏန်းအထိ တောင်းယူနေပြီး ငွေကြေးမပေးပါက ကုန်ပစ္စည်းတွေနဲ့ ကားတွေကို သိမ်းဆည်းတာတွေသာမက လူကိုပါဖမ်းကာ ထောင်ချပစ်တယ်လို့ ကားသမားတွေဆီက သိရပါတယ်။
မြဝတီအာရှလမ်းရှိ တံတားကျိုးဂိတ်အပါအဝင် စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းတာ ကုန်ပစ္စည်းတွေ ဖမ်းဆီးနေတာတွေကြောင့် ကုန်ပစ္စည်းသယ်သူအများစုဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ ဒေါနတောင်ပေါ်တောလမ်းတွေကို အားထားအသုံးပြုနေခဲ့ရတာပါ။
ကုန်ကားသမားတွေ အဓိကထားသွားလာနေရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်တဲ့ ထို့ကော်ကိုးလမ်း ၁၀၁၈ လမ်း အပါအဝင် ဒေါနတောင်ပေါ်လမ်းတွေမှာလည်း ဂိတ်ပေါင်းဆယ်ချီရှိနေပြီး ကုန်တင်ဆောင်လာတဲ့ကားတစ်စီးဟာ ဂိတ်ကြေး အနည်းဆုံး ၃၀၀၀၀ ကနေ သိန်းဆယ်ချီအထိ ပေးနေရတယ်လို့ ကားသမားတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

