ရေးမြို့နယ်က ကျေးရွာသုံးရွာ လေကြောင်းဗုံးကြဲခံရ

ရေး၊ နိုဝင်ဘာ ၂၈

မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာအုပ်စုရှိ ရွာသစ်ရွာ၊ ရွာကလေးနဲ့ တပင်တိုင်ကျေးရွာတို့ကို အာဏာသိမ်း စစ်တပ်က လေကြောင်ဗုံးကြဲပြီးနောက် လက်နက်ကြီးတွေပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ အဲဒီကျေးရွာ သုံးရွာအနီးပတ်ဝန်းကျင်တွေကို ဂျက်ဖိုက်တာ လေယာဉ် နှစ်စီးနဲ့ ဗုံး ငါးလုံး ကြဲချသွားတာ ဖြစ်ပါတယ်။

လေကြောင်းဗုံးကြဲပြီးနောက် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် အမှတ် ၅၉၁ ခြေမြန်တပ်ရင်းဌာနချုပ်ကနေ လက်နက်ကြီး သုံးလုံး ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းဗုံးကြဲမှုမှာ ရွာကလေးနဲရွာသစ်ရွာအကြား ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၄၀ ကျော်အရွယ် ခြံလုပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မွန်အမျိုးသားစာသင်ကျောင်း တစ်ကျောင်းလည်း ပျက်စီးခဲ့ပါတယ်။

ဒီလေကြောင်းဗုံးကြဲမှုဟာ အာယုတောင်ကျေးရွာ ပတ်ဝန်းကျင်မှာ ရေးဘီလူးတပ်ဖွဲ့တွေ စစ်ရေးဝင်ရောက် လှုပ်ရှားနေတဲ့ သတင်းကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ရွာကလေး၊ ရွာသစ်၊ တပင်တိုင်ရွာတွေက ဒေသခံပြည်သူအချို့ဟာ ဥယျာဉ်ခြံတွေနဲ့ ဘေးလွတ်နိုင်တဲ့ကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တို့မှာလည်း အာဏာသိမ်း စစ်တပ်ဟာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်တဲ့ ရေးချောင်းဖျားရှိ ဖလံနဲ့ချဲတိုက်ရွာကို လေကြောင်းဗုံးကြဲခဲ့တဲ့အတွက် အရပ်သားပြည်သူ ငါးဦး သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.