ကရာကတ်စ် ဇွန် ၂၅
ဗင်နီဇွဲလားနိုင်ငံမှာ အင်အားပြင်း ငလျင် နှစ်ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၁၆၄ ဦးထက်မနည်း သေဆုံးကာ ၉၇၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယာယီသမ္မတ ဒယ်စီ ရိုဒရီဂွက်ဇ်က ဇွန် ၂၅ ရက်နေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
မြို့တော် ကာရာကတ်စ်အနီး ဒေသတွေမှာ အဆောက်အအုံ အများအပြား ပြိုကျခဲ့သလို တချို့အဆောက်အအုံတွေကလည်း ပြင်းပြင်းထန်ထန် ပျက်စီးသွားခဲ့ပါတယ်။
ဒီငလျင်ဟာ ဗင်နီဇွဲလားနိုင်ငံမှာ ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း အပြင်းထန်ဆုံး ငလျင်ဖြစ်တယ်လို့ သိရပါတယ်။ ငလျင်လှုပ်ပြီးနောက် ကယ်ဆယ်ရေးသမားတွေနဲ့ ဒေသခံတွေက ညအမှောင်ထဲ ပြိုကျသွားတဲ့ အဆောက်အအုံတွေကြားက အသက်ရှင်ကျန်သူတွေကို ရှာဖွေကယ်ဆယ်ခဲ့ကြပါတယ်။
အမေရိကန်၊ တရုတ်၊ အိန္ဒိယ အပါအဝင် နိုင်ငံအများအပြားက အရေးပေါ်အကူအညီတွေ ပေးပို့ဖို့ ကမ်းလှမ်းထားကြပါတယ်။
အစောပိုင်းမှာ သေဆုံးသူ ၃၂ ဦးနဲ့ ဒဏ်ရာရသူ ၇၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့ လာ ဂွါအီရာပြည်နယ်က စာရင်းမပါသေးတဲ့အတွက် သေဆုံးသူအရေအတွက် ပိုတက်လာခဲ့တာ ဖြစ်ပါတယ်။
ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ကာတီရာ လာ မာမြို့မှာ လျှပ်စစ်မီး ပြတ်တောက်နေပြီး ဒေသခံအများစုဟာ လမ်းပေါ်မှာပဲ ညအိပ်ခဲ့ရသလို ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေကို လိုက်လံရှာဖွေနေကြပါတယ်။
အမေရိကန်ဘူမိတိုင်းတာရေးအဖွဲ့ (USGS) ရဲ့ အချက်အလက်အရ ပထမငလျင်က ကမ်းရိုးတန်းမြို့ မာရွန်ရဲ့ အနောက်ဘက် ၂၁ ကီလိုမီတာခန့်အကွာကို ဗဟိုပြုပြီး ဂရင်းနစ်စံတော်ချိန် ည ၁၀ နာရီ ၄ မိနစ်အချိန်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် တစ်မိနစ်တောင် မပြည့်ခင်မှာပဲ နောက်ထပ် ၇ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခုက ကီလိုမီတာ ၄၅ ခန့်အကွာမှာ ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။
USGS ကတော့ ဒုတိယငလျင်မကြီးခင် ၃၉ စက္ကန့်အလိုမှာ ၇ ဒသမ ၂ အဆင့်ရှိ ရှေ့ပြေးငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီး ဒီယိုဒါဒို ကာဘယ်လိုက ပြည်သူတွေကို နေအိမ်တွေကနေ ယာယီထွက်ခွာကြဖို့ တိုက်တွန်းခဲ့ပြီး အန္တရာယ်ကာကွယ်ရေးအတွက် အဆောက်အအုံတချို့ရဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေကို ပိတ်ထားတယ်လို့ ပြောပါတယ်။
ကာရာကတ်စ်မြို့အနီးမှာရှိတဲ့ မိုက်ကွေတီယာအပြည်ပြည်ဆိုင်ရာလေဆိပ်ကလည်း အခြေခံ အဆောက်အအုံတွေ ပြင်းထန်စွာ ပျက်စီးသွားတဲ့အတွက် ယာယီပိတ်ထားရတယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။
ငလျင်လှုပ်ခတ်မှုကို အိမ်နီးချင်း ကိုလံဘီယာနိုင်ငံရဲ့ မြို့တော် ဘိုဂိုတာအထိ ခံစားရပြီး တချို့နေရာတွေမှာ သတိပေးအချက်ပေးစနစ်တွေ မြည်လာခဲ့သလို လူတွေကလည်း အဆောက်အအုံတွေထဲက ထွက်ခွာခဲ့ကြပါတယ်။
ကိုလံဘီယာ အမျိုးသားမြေငလျင်စောင့်ကြည့်ရေးကွန်ရက် တာဝန်ခံ ဖရက်ဒီ တိုဗာကတော့ နိုင်ငံတစ်ဝန်းကနေ ငလျင်တုန်ခါမှုနဲ့ ပတ်သက်တဲ့ သတင်းပို့ချက်ပေါင်း ၂၀၀ ကျော် လက်ခံရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref:AFP

