တိုကျို၊ ဇွန် ၂၆
လူသားဗုဒ္ဓလို့ နာမည်ပေးထားတဲ့ လူသား စက်ရုပ် တစ်မျိုးကို ဂျပန်ပညာရှင်တွေက မိတ်ဆက် ဖော်ပြလိုက်ပြီး ဗုဒ္ဓကျမ်းဂန် စာပေတွေ အားလုံး ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
အဲဒီ စက်ရုပ်ဟာ လူသား ဘုန်းတော်ကြီး တစ်ပါး လှုပ်ရှား သွားလာဟန်အတိုင်း လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
ဂျပန်မှာ သက်ကြီးရွယ်အို အရေအတွက် ပိုများလာပြီး လုပ်သားအင်အား လျော့ကျနေချိန် ကျိုတိုဒေသရှိ သိပ္ပံပညာရှင်တွေက လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ချက်နဲ့ အခုလို ဖန်တီး တီထွင်တာ ဖြစ်ပါတယ်။
ကျိုတိုတက္ကသိုလ် သိပ္ပံပညာရှင်တွေ ဖန်တီးထားတဲ့ စက်ရုပ်ဟာ ဗုဒ္ဓဘာသာရဲ့ အခက်ခဲဆုံး မေးခွန်းတွေကိုတောင် ဖြေဆိုနိုင်တယ်လို့ သိရပါတယ်။
ဗုဒ္ဓ ကျမ်းဂန် အားလုံးကို ထည့်သွင်းထားတဲ့ လူသား စက်ရုပ် ဖြစ်တာကြောင့် ဘာသာရေးနဲ့ ပတ်သက်လို့ မေးခွန်းများစွာကို ဘုန်းတော်ကြီး တစ်ပါးလို ဖြေကြားပေးနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီ စီမံကိန်းကို ကျိုတိုတက္ကသိုလ် လူသား အသိုင်းအဝိုင်း အနာဂတ်အင်စတီကျူက ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ဒီစက်ရုပ်ဟာ အပြန်အလှန် စကားပြောနိုင်သလို လက်ဟန်ခြေဟန်လည်း လုပ်ပြနိုင်ကြောင်း ကျိုတိုတက္ကသိုလ် ပညာရှင်တွေက ပြောပါတယ်။
အခု ဂျပန်က ထုတ်လုပ်ထားတဲ့ စက်ရုပ်ဟာ အရင်က ယေရှု စက်ရုပ် ထုတ်လုပ်ထားပုံနဲ့ ကွာခြားတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
စက်ရုပ်ဖန်တီးမှုအပိုင်းမှာ ဂျပန်ဟာ ခေတ်ရှေ့ပြေးနေပြီး AI နည်းပညာသုံးထားတဲ့ တိုက်ခိုက်ရေး စက်ရုပ်တွေတောင် ထုတ်လုပ်ထားပါတယ်။
မကြာသေးခင်က အဲဒီ စက်ရုပ် မိတ်ဆက်ပွဲမှာ ပရိသတ်တွေကိုယ်တိုင် မေးခွန်းတွေ မေးခဲ့တာ တွေ့ရပါတယ်။
Ref:euronews

