ဝါရှင်တန် ဇွန် ၂၆

ဟော်မုဇ်ရေလက်ကြားမှာ ပိတ်မိနေတဲ့ သင်္ဘောတွေကို ဘေးကင်းတဲ့လမ်းကြောင်းကနေ ထွက်ခွာခွင့်ပေးမယ့် အစီအစဉ်ကို ကုလသမဂ္ဂလက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ (IMO) က ယာယီရပ်ဆိုင်းလိုက်ပါတယ်။

အိုမန်ကမ်းရိုးတန်းအနီးမှာ ကုန်တင်သင်္ဘောတစ်စင်းကို ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဗြိတိန်စစ်ဘက်က ထုတ်ပြန်ပြီးနောက် ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

IMO အထွေထွေအတွင်းရေးမှူး အာဆန်နီယို ဒိုမင်ဂုဇ်က ရွှေ့ပြောင်းပေးဖို့ စာရင်းထဲမှာပါတဲ့ သင်္ဘောတွေအတွက် လုံခြုံရေးအာမခံချက် မရသေးသရွေ့ အစီအစဉ်ကို ဆက်မလုပ်သေးဘူးလို့ ပြောပါတယ်။ ဒါပေမယ့် တိုက်ခိုက်ခံခဲ့ရတဲ့ သင်္ဘောကတော့ ကုလရဲ့ အဲဒီရွှေ့ပြောင်းရေးအစီအစဉ်မှာ မပါဝင်တဲ့ သင်္ဘောဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမတိုင်ခင် နာရီပိုင်းအလိုမှာ အီရန်က ဟော်မုဇ်ရေလက်ကြားမှာ သူတို့သတ်မှတ်ထားတဲ့ ရေလမ်းကြောင်းကို မသုံးဘဲ ဖြတ်သန်းတဲ့ သင်္ဘောတွေဟာ အီရန်ရဲ့ ခွင့်ပြုချက်မရှိဘဲ သွားလာတာ မလုပ်ဖို့ သတိပေးခဲ့ပါတယ်။

အမေရိကန်တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ Ever Lovely လို့ အမည်ရတဲ့ ကုန်တင်သင်္ဘောကို အီရန်တော်လှန်ရေးအစောင့်တပ်က လွှတ်တင်တဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီနောက်မှာတော့ အီရန်ရဲ့ ပါရှန်ပင်လယ်ကွေ့ အာဏာပိုင်အဖွဲ့က “အီရန်သတ်မှတ်ထားတဲ့ လမ်းကြောင်းအပြင်ဘက်ကနေ ဖြတ်သန်းတဲ့ သင်္ဘောတွေကို လုံခြုံရေးအာမခံချက် ပေးမှာမဟုတ်ဘူး” လို့ လူမှုကွန်ရက် X မှာ ထပ်မံသတိပေးခဲ့ပါတယ်။

ဗြိတိန်ရေကြောင်းလုံခြုံရေးဌာနကတော့ သင်္ဘောမှာ ထိခိုက်ပျက်စီးမှုရှိခဲ့ပေမယ့် လူထိခိုက်မှုနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတော့ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဟော်မုဇ်ရေလက်ကြားကို အစားထိုးအသုံးပြုနိုင်တဲ့ လုံခြုံတဲ့ရေလမ်းကြောင်း ဖွင့်နိုင်မယ်ဆိုရင် ကမ္ဘာ့စီးပွားရေးအပေါ် ဖိအားလျော့ကျစေမှာဖြစ်ပြီး အီရန်ရဲ့ ဖိအားပေးနိုင်စွမ်းလည်း လျော့နည်းသွားမယ်လို့ သုံးသပ်နေကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုယိုဘီယို ကလည်း အမေရိကန်အနေနဲ့ အဲဒီလမ်းကြောင်းကို ထောက်ခံပြီး သင်္ဘောတွေ လုံခြုံစွာ ဖြတ်သန်းနိုင်ရေးကို ဆက်လက်ကူညီသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောအရေအတွက်ဟာ အရင်ရက်တွေထက် တိုးလာပေမယ့် စစ်မဖြစ်ခင်က အခြေအနေနဲ့ ယှဉ်ရင်တော့ နည်းနေဆဲ ဖြစ်ပါတယ်။ ရေနံဈေးနှုန်းကလည်း စစ်ပွဲမတိုင်ခင်အဆင့်အောက်ကို ယာယီပြန်ကျလာတာကြောင့် ဈေးကွက်က အခြေအနေ တဖြည်းဖြည်း တည်ငြိမ်လာမယ်လို့ မျှော်လင့်နေကြောင်း ပြသနေပါတယ်။

တစ်ဖက်မှာလည်း အမေရိကန်နဲ့ အီရန်တို့ဟာ ယာယီငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်ညှိနှိုင်းနေကြပြီး ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေ လုံခြုံစွာဖြတ်သန်းနိုင်ရေးနဲ့ အီရန်ရဲ့ ယူရေနီယမ်သိုလှောင်မှုကိစ္စတွေကို ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ဘနွန်နိုင်ငံမှာ အစ္စရေးနဲ့ ဟစ်ဇဘိုလာတို့ကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတာကြောင့် ဒေသတွင်းအပစ်အခတ်ရပ်စဲရေး အခြေအနေကိုလည်း ထိခိုက်လာနိုင်တယ်လို့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

Ref:NPR

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.