ကိဗ်၊ သြဂုတ် ၁
ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က ကိဗ်မြို့ မြို့လယ်ခေါင်မှာ ယူကရိန်း နိုင်ငံသား ထောင်ချီ စုဝေးပြီး ကာကွယ်ရေးဝန်ကြီး မီခေးလို ဖီဒိုရော့ဗ်ကို သမ္မတ ဇီလန်စကီးရဲ့ ထုတ်ပယ်မှုအပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ဝန်ကြီး ဖိုဒိုရော့ဗ်ဟာ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း စစ်တပ်ကို ဆန်းသစ် တီထွင်မှုတွေ လုပ်ပေးခဲ့လို့ အများ ချီးကျူးခံခဲ့ရသူ ဖြစ်ပြီး ထောက်ခံမှု အခိုင်အမာ ရရှိထားဆဲ ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ပါတယ်။
စစ်မက်ကာလ ဝန်ကြီး ရာထူးကို ဇန်နဝါရီလကတာဝန်ယူခဲ့တဲ့ ဖီဒိုရော့ဗ်ဟာ ဇူလိုင်လယ်က မထင်မှတ်ထားတဲ့၊ ရှင်းလင်းမှု အားနည်းတဲ့ အစိုးရ ရာထူး ပြောင်းလဲမှုအတွင်း ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ယူကရိန်း နိုင်ငံသားတွေက သမ္မတရုံး ဘေးမှာ စုဝေးပြီး ဖီဒိုရော့ဗ် အနေနဲ့ တခြား အစိုးရရာထူး တစ်ခုခုကို လက်ခံဖို့ ငြင်းဆန်နေတာကြောင့် ကာကွယ်ရေးဝန်ကြီး ရာထူးမှာ ပြန်လည် ခန့်အပ်ပေးဖို့ တောင်းဆိုနေကြ ပါတယ်။
အဲဒီအချိန်က တပ်ချုပ် အိုလက်စန်းဒါး ဆိုင်ရစကီးနဲ့ ကြီးမားတဲ့ ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့တာကြောင့် သူ့ကို ရာထူးက ဖယ်ရှားလိုက်တာ ဖြစ်တယ်လို့ သမ္မတ ဇီလန်စကီးက ကနဦးမှာ ပြောကြားခဲ့တာပါ။
ဒါပေမဲ့ ကာကွယ်ရေး ကဏ္ဍမှာ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ဖို့ ဝန်ကြီး ဖီဒိုရော့ဗ်က ကြိုးပမ်းမှုကြောင့် သူ ထုတ်ပယ်ခံလိုက်ရတယ်ဆိုတဲ့ ပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။
ဇူလိုင် ၃၁ ရက်က သမ္မတရဲ့ အာရုံစိုက်မှု ရရှိအောင် ကြိုးပမ်းဖို့ ရည်ရွယ်တဲ့ ဆန္ဒပြသူတွေဟာ ကိဗ်မြို့ရဲ့ သမိုင်းဝင် မြို့လယ်ခေါင် နေရာကို ဖြတ်သန်းချီတက်ပြီး မြို့တော်ရဲ့ နှလုံးသည်းပွတ်နေရာဖြစ်တဲ့ ခရက်ရှာတိုင်း အရပ်သို့ ဝင်ရောက်လာခဲ့ကြ ပါတယ်။
ဝန်ကြီး ဖီဒိုရောဇ် အသွင်ပြောင်းပေးခဲ့တဲ့ ဆိုဗီယက်ခေတ်အလွန် စစ်တပ်စနစ်ကို နည်းပညာဆိုင်ရာ ခေတ်မီဆန်းပြားအောင် မလုပ်ဆောင်ဘဲ ရုရှားနဲ့ စစ်ပွဲကို အနိုင်ရမှာလားဆိုတာကို ယူကရိန်း နိုင်ငံသား တချို့က မေးခွန်းထုတ်ထားကြပါတယ်။
ရုရှားရဲ့ စစ်ဖက်ဆိုင်ရာနဲ့ စွမ်းအင် ပစ်မှတ်တွေကို ယူကရိန်း တပ်တွေက အတွင်းနက်နက်ထဲ အထိ ထိုးဖောက်တိုက်ခိုက်နေချိန်မှာ သူ့ကို ထုတ်ပယ်ခဲ့တာ ဖြစ်ပြီး ရှေ့တန်း စစ်မျက်နှာတွေမှာလည်း ယူကရိန်း အသာရနေချိန်က ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။
ဇီလန်စကီးက သူ့ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်မယ့် လက္ခဏာ တစ်ခုမှ ပြမထားပါဘူး။ သူက ယာယီ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့ နိုင်ငံတော် လုံခြုံရေးဌာန ယာယီ အကြီးအကဲ ယေ့ဗ်ဟန်နီ ခါမာရာကို ရွေးချယ်ထား ပါတယ်။
ဥပဒေအရ ကာကွယ်ရေးဝန်ကြီးရာထူးဟာ ယူကရိန်းမှာ အရပ်ဖက် ရုံးတစ်ခု ဖြစ်ပါတယ်။
ယခင်ကာကွယ်ရေးဝန်ကြီးကို မူလနေရာ ပြန်လည် ခန့်အပ်ပေးလိုက်ရင် ယူကရိန်း နိုင်ငံသား တချို့ရဲ့ ယုံကြည်မှုကို ပြန်ရနိုင်ပေမယ့် အားလုံးရဲ့ ယုံကြည်မှုကို ပြန်ရဖို့တော့ မလွယ်ဘူးလို့ ကိဗ်မြို့ရှိ ဥရောပ မူဝါဒ အင်စတီကျုရဲ့ ညွှန်ကြားရေးမှူး မက်တီယို မီကက်စီက ပြောပါတယ်။
ဇီလန်စကီးအနေနဲ့ ဖီဒိုရော့ဗ်ကို ကာကွယ်ရေးဝန်ကြီးရာထူးမှာ တစ်နှစ်လောက် တာဝန်ထမ်းဆောင်ခိုင်းပြီး ရာထူးနဲ့ ထိုက်တန်သလားဆိုတာကို သူ့ရဲ့ စွမ်းဆောင်ရည်တွေအပေါ်ကြည့်ပြီး ဆုံးဖြတ်သင့်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောဆိုထားပါတယ်။
Ref:Reuters

