ဘရပ်ဆဲလ်၊ သြဂုတ် ၁

ရာသီဥတု အရေးပေါ် အခြေအနေနဲ့ သဘာဝတရား ပျက်ပြားမှုတို့ကြောင့် ကမ္ဘာ့စီးပွားရေးအတွက် အန္တရာယ်ဟာ အံ့သြစရာ ကောင်းလောင်အောင် ဖြစ်ပေါ်လာနေတယ်လို့ ဥရောပ ဗဟိုဘဏ် ECB အကြီးတန်း မူဝါဒ ရေးဆွဲသူ တစ်ဦးက ပြောပါတယ်။

ECB ရဲ့ ဘုတ်အဖွဲ့ဝင် တစ်ယောက်ဖြစ်သူ ဖရန့် အယ်လ်ဒါဆင်က ဂေဟစနစ်ရဲ့ ဖျက်ဆီးမှုတွေနဲ့ ဆက်စပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်တွေကို မိမိတို့ဘဏ်က အရှိန်မြှင့် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဂေဟစနစ်နဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ မတည်မငြိမ် ဖြစ်နေပြီး အလျင်အမြန် အဆင့်လျော့ကျနေတယ်လို့ သူက ပြောပါတယ်။

ပြင်သစ်နဲ့ စပိန် နိုင်ငံတဝှမ်း တောမီးတွေ လောင်ကျွမ်းနေပြီး အပူချိန်ကလည်း စံချိန်တင် မြင့်တက်နေပါတယ်။

အဲဒီ နှစ်နိုင်ငံမှာ မြေယာတွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ လူနေအိမ်တွေ မီးလောင် ပျက်စီးခဲ့ရပြီး အရေးပေါ် အခြေအနေမှာ စီးပွားရေးအရ ဆုံးရှုံးမှု ကြီးမားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီ နှစ်နိုင်ငံမှာ တောမီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်မှု အခြေအနေ တိုးတက်လာခဲ့ပေမယ့် ဂရိမှာ တောမီးတွေ မြို့တော် အေသင်အနီးသို့ ချဉ်းကပ်လာနေပါတယ်။

ကမ္ဘာကြီး ပူးနွေးလာမှုနဲ့ ဆက်နွယ်နေတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်ပွားမှုနှုန်း ပိုများလာတာကြောင့် ဘဏ္ဍာရေး တည်ငြိမ်မှုအတွက် အန္တရာယ် ဖြစ်စေတယ်လို့ အယ်လ်ဒါဆင်က ပြောပါတယ်။

ဂေဟစနစ် ဝန်ဆောင်မှု ပြိုလဲရာကနေ ထွက်ပေါ်လာတဲ့ အန္တရာယ်ကို လေ့လာဖို့ လုပ်ဆောင်စရာတွေ အများကြီး ရှိသေးတယ်လို့ သူက ဆိုပါတယ်။

ဂေဟစနစ်ဝန်ဆောင်မှု ဆိုတာက ဥပမာ ရေကို ကုန်ကြမ်းအဖြစ် သုံးလို့ရနေတာ၊ ရေအားလျှပ်စစ်ကနေ စွမ်းအင်ထုတ်လုပ်တာနဲ့ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုတာတွေ ဖြစ်ပါတယ်။

ရေပြင်ဟာ အစားအစာ ထုတ်လုပ်ဖို့နဲ့ အပန်းဖြေ ဝန်ဆောင်မှုတွေအတွက် အခြေခံ လိုအပ်ချက်လည်း ဖြစ်ပါတယ်။

သဘာဝနဲ့ ဆက်စပ်တဲ့ အန္တရာယ်တွေကြောင့် စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်တွေ ကျရောက်လာစေနိုင်ပါတယ်။ ဖွံ့ဖြိုးမှု၊ ငွေဖောင်းပွမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ တည်ငြိမ်မှုတို့အပေါ် ရေရှည် အန္တရာယ် ကျရောက်လာနိုင်တယ်လို့ အယ်လ်ဒါဆင်က ပြောပါတယ်။

သဘာဝကို ဖျက်ဆီးလိုက်ရင် ကျွန်တော်တို့ စီးပွားရေး အမှီပြုနေရတဲ့ ပင်မဝင်ရိုးကို ဖျက်ဆီးလိုက်တာပဲ ဖြစ်ပါတယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။

ရာသီဥတု ပြောင်းလဲမှု၊ ကမ္ဘာကြီး ပူနွေးလာမှုတို့နဲ့ အတူ ကမ္ဘာ့ နေရာအနှံ့မှာ သဘာဝဘေးတွေ ပိုမို အားကောင်းလာသလို ဖြစ်ပေါ်မှု အကြိမ်ရေလည်း ပိုများလာနေပါတယ်။

အခုနှစ် ဖြစ်ပေါ်လာမယ့် စူပါအယ်နီညိုး ရာသီဥတု အခြေအနေကြောင့် သဘာဝဘေးအန္တရာယ်တွေ နောက်ထပ် ကြုံတွေ့ရနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

Ref:The Guardian

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.