ဆိုးလ်၊ သြဂုတ် ၃
တောင်ကိုရီးယားမှာ လွန်ခဲ့တဲ့ ရာစုနှစ် တစ်စုက မှတ်တမ်းမှတ်ရာတွေ ထားရှိခဲ့ပြီး နောက်ပိုင်း အခုလတ်တလောကာလမှာ အပူချိန် စံချိန်တင် မြင့်တက်နေပါတယ်။
အပူချိန် မြင့်မားရာ ဒေသတွေမှာ အပြင်ဖက် လှုပ်ရှားမှုတွေ အားလုံး ရပ်တန့်ထားဖို့ အာဏာပိုင်တွေက ပြည်သူတွေကို သတိပေးထားပါတယ်။
အရှေ့တောင်ပိုင်းမြို့ ယန်ဆန်းမှာ သြဂုတ် ၂ ရက် မွန်းလွဲ ၁ နာရီ ၂၆ မိနစ်က အပူချိန် ၄၂ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့ကြောင်း တောင်ကိုရီးယား မိုးလေဝသ စီမံခန့်ခွဲရေးဌာနက သူတို့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
လက်ရှိ အပူလှိုင်း ဖြတ်သန်းမှု ဗဟိုချက် နေရာဟာ ယန်ဆန်းမြို့ ဖြစ်နေပြီး သြဂုတ် ၂ ရက်အထိ ၅ ရက်ဆက်တိုက် အပူချိန် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ဒေဂူးနဲ့ ဘူဆန်မြို့တို့ အပါအဝင် တခြား မြို့တွေ အများကြီးမှာလည်း အပူချိန် ၃၀ ဒီဂရီ ဆဲလ်စီးယပ်စ်ကျော်အထိ မြင့်တက်ခဲ့ပါတယ်။
တောင်ကိုရီးယား နိုင်ငံသား တော်တော်များများကတော့ လေအေးပေးစက်တွေ ရှိတဲ့ ဈေးဝယ်စင်တာလို မိမိ နေအိမ်လို နေရာမျိုးတွေမှာ နေထိုင်လိုသူ ပိုများနေပြီး အပြင်ထွက်ရမယ့် အချိန်မျိုးကို ရှောင်ရှားနေကြပါတယ်။
ဒေသ ၂၀ ကျော်မှာ သြဂုတ် ၂ ရက်က အပူလှိုင်း အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားပါတယ်။
တောင်ကိုရီးယားမှာ အပူချိန် ၃၈ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ကျော်လွန်တဲ့ ဒေသတွေမှာ အပူလှိုင်းဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
အေးမြတဲ့ နေရာမှာ နေကြဖို့ ရေဓာတ် ပြည့်ဝအောင် နေထိုင်ကြဖို့ တောင်ကိုရီးယား ကျန်းမာရေး အရာရှိတွေက အများပြည်သူကို တိုက်တွန်း နှိုးဆော်ထားပါတယ်။
တောင်ကိုရီးယားရဲ့ ပရောဖက်ရှင်နယ် ဘေ့စ်ဘော လိဂ် ပွဲစဉ် တစ်ခုကိုလည်း အပူချိန် မြင့်တက်လာမှုကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။
ချန်ဝမ်မြို့မှာ ကျင်းပမယ့် အဲဒီ ပွဲစဉ်ကို နှစ်ရက်ဆက်တိုက် အပူချိန် မြင့်တက်လာမှုကြောင့် ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။
ပရိသတ်တွေနဲ့ ကစားသမားတွေရဲ့ ဘေးကင်းရေးနဲ့ ကျန်းမာရေးကို ထိပ်တန်း ဦးစားပေးတဲ့အနေနဲ့ အဲဒီ ပွဲစဉ်ကို ဖျက်သိမ်းခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယား ဘေ့စ်ဘော အဖွဲ့အစည်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လူသားတွေရဲ့ လုပ်ရပ်ကနေ ဖြစ်ပေါ်လာတဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် အပူလှိုင်းတွေလို ပြင်းထန် ရာသီဥတု ဖြစ်ပွားမှု အကြိမ်ရေ ပိုများလာသလို ပြင်းထန်မှုလည်း ပိုများလာတယ်လို့ ပညာရှင်တွေက ပြောပါတယ်။
ပြင်းထန် ရာသီဥတု အခြေအနေတွေကို ပိုမို ဆိုးရွားလာစေတာက အယ်လ်နီညို ရာသီဥတု ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာမှာ ၂ နှစ်ကနေ ၇ နှစ်အတွင်း တစ်ကြိမ်စီ ဖြစ်ပေါ်လေ့ရှိတဲ့ ရာသီဥတု အခြေအနေ ဖြစ်ပါတယ်။
အခုနှစ် အယ်လ်နီညို ရာသီဥတု အခြေအနေဟာ စံချိန်တင် ပြင်းထန်လာနိုင်တာကြောင့် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ထားကြဖို့ ပညာရှင်တွေက သတိပေးထားပြီး ဖြစ်ပါတယ်။
အခုနှစ် ဥရောပမှာလည်း အပူချိန် စံချိန်တင် မြင့်တက်နေပြီး ရှည်ကြာတဲ့ အပူလှိုင်းတွေကြောင့် တောမီး လောင်ကျွမ်းမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
စပိန်၊ အီတလီ၊ ပြင်သစ်၊ ပေါ်တူဂီနဲ့ ဂရိတို့မှာ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားနေပြီး ဂရိမှာ မြို့တော် အေသင်အထိ တောမီးတွေ နီးကပ်လာနေတယ်လို့ သိရပါတယ်။
Source:AFP

