တီဟီရန်၊ သြဂုတ် ၃

နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်ဖို့ အီရန်က အမေရိကန်ကို တောင်းဆိုထားတယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ပြောဆိုမှုကို အီရန် Mehr သတင်းဌာနက သြဂုတ် ၂ ရက်မှာ ပယ်ချလိုက်ပါတယ်။

စစ်ဖက်ဆိုင်ရာ အရာရှိတွေကို ကိုးကားပြီး ဖော်ပြရာမှာ အဲဒီ သတင်းဌာနက ထရန့်ရဲ့ စွပ်စွဲချက်တွေဟာ ဘာမှ မဟုတ်ဘဲ နောက်ထပ် လိမ်လည်မှု တစ်ခုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အီရန် စစ်တပ်အနေနဲ့ သတိထားမှု တိုးမြှင့်ထားပြီး နောက်ဆုံး ဘယ်လို အခြေအနေအတွက်မဆို အသင့်ပြင်ထားတယ်လို့ အဲဒီ သတင်းမှာ ရေးပါတယ်။

အမေရိကန်အနေနဲ့ အီရန်ကို တိုက်ခိုက်ဖို့ အသင့်ပြင်ထားပေမယ့် တီဟီရန်နဲ့ တခြား အရှေ့အလယ်ပိုင်းနိုင်ငံတွေက နောက်ထပ် တိုက်ခိုက်မှုတွေ မပြုလုပ်ဖို့ သူ့ကို ပြောထားတယ်ဆိုပြီး ထရန့်က သြဂုတ် ၁ ရက်မှာ ပြောထားတာပါ။

အီရန်နဲ့ သဘောတူညီမှု တစ်ရပ် ရရှိရေး ရည်ရွယ်ပြီး ဆုံးဖြတ်ချက်ချမှတ်ထားတယ်လို့ ထရန့်က ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်မှာ ဟောမု့ဇ် ရေလက်ကြား ချက်ချင်း လုံးဝ အပြည့်အစုံ ဖွင့်လှစ်ရေး၊ အီရန် နျူကလီးယား အန္တရာယ် အဆုံးသတ်ရေးတို့ ပါဝင်တယ်လို့ ထရန့်က သူ့ရဲ့ Truth Social လူမှုမီဒီယာမှာ အကောင့်မှာ ဖော်ပြပါတယ်။

အီရန် ညှိနှိုင်းရေးမှူးတွေကို ကိုးကားပြီး အီရန် Fars သတင်းဌာနရဲ့ သြဂုတ်လ ၂ ရက် ဖော်ပြချက်မှာ အမေရိကန်က ရန်လိုတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေသရွေ့ ဟောမု့ဇ် ရေလက်ကြားကို ဆက်လက် ပိတ်ထားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

စစ်ပွဲ စတင်ကတည်းက ရေလက်ကြားကို အီရန်က ပိတ်ထားခဲ့ပြီး လမ်းကြောင်းကို ဖြတ်သန်းမယ့် သင်္ဘောတွေအနေနဲ့ ခွင့်ပြုချက် ရယူရမှာ ဖြစ်လို ဖြတ်သန်းခ ပေးရမယ်လို့လည်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေကို အလျင်အမြန် ရပ်တန့်ရေး၊ ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး သဘောတူညီချက် တစ်ရပ် အလျင်အမြန် ရယူဖို့ အီရန်ကို နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်ဖို့
ရပ်ဆိုင်းထားတယ်လို့ ထရန့်က သြဂုတ် ၁ ရက်မှာ ပြောပါတယ်။

အီရန်နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေက တိုက်ခိုက်မှုတွေ ရပ်တန့်ထားဖို့ တောင်းဆိုလာတာကြောင့် ကမ္ဘာကြီးရဲ့ အနာဂတ် ကောင်းကျိုးအတွက် အီရန်ကို နောက်ထပ် တိုက်ခိုက်မှုတွေ ပြုလုပ်မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ပြီလို့ ထရန့်က ပြောပါတယ်။

ဆော်ဒီအာရေးဗီးယား တော်ဝင်မင်းသားနဲ့ ဆက်သွယ်ဆွေးနွေးပြီးနောက် ထရန့်က အခုလိုမျိုး ပြောဆိုခဲ့တာ ဖြစ်ပေမယ့် တိုက်ခိုက်မှုတွေ ရပ်တန့်ရေး တောင်းဆိုထားတယ်ဆိုတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေရဲ့ အမည်တွေကို သူက ထုတ်ဖော်ပြောဆိုထားတာ မရှိပါဘူး။

ဒီလို ကတိပြုရာမှာ အစ္စရေးလည်း ပါဝင်တယ်လို့ သူက ပြောပေမယ့် မှတ်ချက် ပြုပေးဖို့ ရိုက်တာ သတင်းဌာနက အစ္စရေးကို ဆက်သွယ်ရာမှာ တုံ့ပြန်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

အရှေ့အလယ်ပိုင်းဒေသ တင်းမာမှု လျှော့ချရေး ဆွေးနွေးညှိနှိုင်းမှုကို ဦးစားပေးရမှာ ဖြစ်ကြောင်း ဆော်ဒီ တော်ဝင်မင်းသားက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ထရန့်နဲ့ ဆော်ဒီ တော်ဝင်မင်းသားတို့ ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော် အရာရှိတစ်ဦးက အတည်ပြုထားပေမယ့် ဆွေးနွေးခဲ့တဲ့ အသေးစိတ် အချက်တွေကိုတော့ ပြောမထားပါဘူး။

အစ္စရေးနဲ့ အမေရိကန်က အီရန်ကို တိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်း တဝှမ်း အီဂျစ် အပါအဝင် တိုက်ခိုက်ခံရမှုတွေ ရှိနေပါတယ်။

ကမ္ဘာကြီးအတွက် လိုအပ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ထားတာကြောင့် ကမ္ဘာတဝှမ်း လောင်စာ ပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။

အီရန်အနေနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ပေးဖို့ တောင်ဆိုထားတာ မရှိဘူးလို့ အီရန် စစ်ဖက်ဆိုင်ရာ အရာရှိ တစ်ဦးက ပြောပါတယ်။

အမေရိကန်က ဆုတ်ခွာဖို့ ဒါမှမဟုတ် နောက်ထပ် တိုက်ခိုက်ဖို့ ပြင်ဆင်နေပါစေ အီရန် စစ်တပ်အနေနဲ့ အသင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း အီရန် မီဒီယာတွေက ဖော်ပြပါတယ်။

ထရန့်ရဲ့ ညွှန်ကြားချက်တွေအတိုင်း အမေရိကန်က တိုက်ခိုက်မယ်ဆိုရင် အီရန်ကလည်း လက်စားချေ တိုက်ခိုက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း အီရန် စစ်တပ်က စောစောပိုင်းက သတိပေးထား ပါတယ်။

အီရန်အနေနဲ့ နျူကလီးယား လက်နက် လုံးဝ ပိုင်ဆိုင်ခွင့် မရှိရဘူးလို့ ထရန့်က ပြောထားပြီး အလုံးစုံ တိုက်ခိုက် ဖျက်ဆီးပစ်မယ်လို့ ပြေားထားပေမယ့် အီရန်က လုံးဝ အရှုံးမပေးသေးပါဘူး။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.