ဒါကာ ဩဂုတ် ၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြည်တွင်းသဘာဝဓာတ်ငွေ့ လုံလောက်မှုနည်းလာတာကြောင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်အသက်သွင်းနိုင်ဖို့ ရည်ရွယ်ပြီး အိမ်နီးချင်း မြန်မာနိုင်ငံကနေ သဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းနဲ့ တင်သွင်းလိုကြောင်း အဆိုပြုလိုက်ပါတယ်။

ဒီအဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ လျှပ်စစ်၊ စွမ်းအင်နဲ့ သတ္တုအရင်းအမြစ်ဝန်ကြီး အစ်ဘဲ ဟာဆန် မာမွတ်က ဩဂုတ် ၂ ရက်နေ့က သူ့ရဲ့ဝန်ကြီးဌာနရုံးမှာ စစ်အစိုးရခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စိုးမိုးနဲ့ တွေ့ဆုံချိန်အတွင်း တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်က ယခင်က အဆိုပြုထားခဲ့တဲ့ မြန်မာနိုင်ငံကနေ စစ်တကောင်းအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မယ့် အစီအစဉ်ကိုလည်း ပြန်လည်အကောင်အထည်ဖော်ဆောင်ချင်နေတယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲအတွင်း ဝန်ကြီး မာမွတ်က ဘင်္ဂလားဒေ့ရှ်မှာ သဘာဝဓာတ်ငွေ့လိုအပ်ချက် အများကြီးရှိနေပြီး မြန်မာနိုင်ငံကနေ ပိုက်လိုင်းနဲ့ ဓာတ်ငွေ့ရရှိနိုင်ဖို့ အထူးစိတ်ဝင်စားတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီအဆိုပြုချက်အပေါ် မြန်မာသံအမတ် ဦးကျော်စိုးမိုးက အပြုသဘောဆောင်တဲ့ သဘောထားနဲ့ တုံ့ပြန်ခဲ့ပြီး ပိုက်လိုင်းကနေ တင်ပို့တာအပြင် LNG (သဘာဝဓာတ်ငွေ့ရည်) ပုံစံနဲ့လည်း ဘင်္ဂလားဒေ့ရှ်ကို ဓာတ်ငွေ့တင်ပို့နိုင်မယ့် အခွင့်အလမ်းကို နှစ်နိုင်ငံ ဆွေးနွေးနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

နှစ်ဖက်တာဝန်ရှိသူတွေဟာ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို ရှေ့ဆက်နိုင်ဖို့ နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးတွေ တွေ့ဆုံနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဝန်ကြီးမာမွတ်က မြန်မာ စွမ်းအင်ဝန်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ လာရောက်ဖို့ တရားဝင် ဖိတ်ကြားသွားမှာဖြစ်ပြီး လိုအပ်ရင် သူကိုယ်တိုင်လည်း မြန်မာနိုင်ငံကို သွားရောက်ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်တွင်းသဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုက ဆက်တိုက်ကျဆင်းနေတဲ့အတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ စက်မှုလုပ်ငန်းတွေနဲ့ အခြားအသုံးပြုသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ပြည်ပက LNG တင်သွင်းမှုအပေါ် ပိုပြီးမှီခိုနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

မြန််မာ- ဘင်္ဂလားဒေ့ချ် နှစ်နိုင်ငံဟာ ရေရှည်ကုန်သွယ်ရေးနဲ့ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့နိုင်ရေးအပြင် နှစ်ဖက်အကျိုးရှိမယ့် တခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာသံအမတ် ဦးကျော်စိုးမိုးကတော့ ဒီကိစ္စကို ဘင်္ဂလားဒေ့ရှ်–မြန်မာ ပူးတွဲနည်းပညာကော်မတီအစည်းအဝေးတွေကတဆင့် ဆက်လက်သုံးသပ်ဆွေးနွေးနိုင်တယ်လို့ အကြံပြုခဲ့ပါတယ်။

Ref:thedailystar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.