ဆူရာဘာယာ၊ သြဂုတ် ၃
ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်က ပင်လယ်ပြင်မှာ အင်ဒိုနီးရှား ကူးတို့ယာဉ် မီးစွဲလောင်ခဲ့တဲ့ ဖြစ်ရပ်အတွင်း လူ ၅ ဦး သေဆုံးပြီး ခုန်ချသူတွေ အပါအဝင် ၄၁ ဦး ပျောက်ဆုံးနေကြောင်း ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
ကယ်ဆယ်ရမိသူ ၂၂၅ ဦး ရှိကြောင်း ဆူရာဘာယာ ဒေသဆိုင်ရာ ကယ်ဆယ်ရေး ရှာဖွေရေး အဖွဲ့က ထုတ်ပြန်ပါတယ်။
တချို့ခရီးသည်တွေ လှေပေါ်က ခုန်ချပြီး အနီးအနားရှိ သင်္ဘောတွေပေါ် တက်ရောက်ခဲ့ကြောင်း အင်ဒိုနီးရှား အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီက ပြောပါတယ်။
ကူးတို့ယာဉ်ပေါ်မှာ မီးလောင်လွယ်တဲ့ ပစ္စည်းတွေ ရှိနေတာကြောင့် အနီးအနားရှိ ရေယာဉ် လေးစီး အနားကပ်လို့ မရခဲ့ကြောင်းလည်း သိရပါတယ်။
ခရီးသွား တချို့ ရေပြင်ထဲ ခုန်ချလို့ အနီးအနားက သင်္ဘောတွေက ခေါ်ယူ ဆယ်ပေးခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။
ကျွန်းပေါင်း ၁၇၀၀၀ ကျော်လောက် ရှိတဲ့ အင်ဒိုနီးရှားမှာ ရေပြင်ဆိုင်ရာ မတော်တဆ ဖြစ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ကြိုတင် မှန်းဆလို့ မရနိုင်တဲ့ ရာသီဥတု အခြေအနေနဲ့ ဘေးကင်းရေး ဥပဒေတွေကို လိုက်နာမှု လျော့ရဲတာကြောင့် အလားတူ ဖြစ်ရပ်မျိုးတွေ ကြုံရတာ ဖြစ်ကြောင်း လေ့လာသူတွေက ပြောပါတယ်။
အင်ဒိုနီးရှားမှာ ရေပြင် မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့လကလည်း လှေတစ်စီး တိမ်းမှောက်မှုကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့ရပါတယ်။
Ref:AFP

