လောင်းလုံး၊ သြဂုတ် ၁

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်း စစ်တပ်က ဒေသခံပြည်သူ ၂၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၅၀၀ လောက်ရှိတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်း သုံးကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ကစလို့ လောင်းလုံးမြို့နယ် မြို့ဟောင်း၊ တောင်မင်းပြောင်၊ မောင်းမကန်နဲ့ စွန်တောင်မွန်ကျေးရွာတို့ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ စစ်ကြောင်းထိုးရာ ကျေးရွာတွေက ဒေသခံပြည်သူ ၂၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသလို တောင်မင်းပြောင်၊ မြို့ဟောင်းနဲ့ ပိန်းရှောင်ကျေးရွာတို့က နေအိမ် ၁၀ လုံးကိုလည်း မီးရှို့ဖျက်ဆီးပြီး တန်ဖိုးရှိ ပစ္စည်းတွေ ယူဆောင်သွားပါတယ်။

စစ်တပ်စစ်ကြောင်းရဲ့ လုပ်ဆောင်မှုဟာ မီးရှို့လူဖမ်းတဲ့ အခြေအနေ ဖြစ်နေတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ LLPDF ပြန်ကြားရေး တာဝန်ခံ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေကို စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်ထိန်းသိမ်းထားပြီး ပြန်မလွှတ်ပေးသေးသလို စစ်ကြောင်းဝင်လာချိန် ထွက်ပြေးရင်း ပျောက်ဆုံးနေသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ကလည်း စစ်ရှောင်နေတဲ့ မြို့ဟောင်းရွာနေ အသက် ၁၆ နှစ်အရွယ် မောင်ဘိုဖြူကို ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သေနတ်နဲ့ ပစ်ခတ်ပြီးနောက် အလောင်းကို လမ်းမှာပဲ စွန့်ပစ်သွားတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ အာဏာသိမ်း စစ်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံပြည်သူလူထု ၈၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.