နေပြည်တော်၊ သြဂုတ် ၁

စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် မလုံခြုံမှုတွေ ရှိနေတဲ့ လူငယ်တွေကို အပျော်အပါးလျှော့ကြဖို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောလာပါတယ်။

မနေ့ ဇူလိုင် ၃၁ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားပြီးနောက် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တာပါ။

ဦးမင်းအောင်လှိုင်က လူငယ်တွေ ကိုယ့်ဘဝအတွက် ကြိုးစားကြဖို့ လိုအပ်ပြီး အပျော်အပါးတွေ လျှော့စေချင်ကြောင်းနဲ့ ပညာတတ်တွေ ဖြစ်အောင်လုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဖြစ်တဲ့ ဦးမင်းအောင်လှိုင်ရဲ့ ပြောဆိုမှုအပေါ် လူငယ်တွေအကြား ဝေဖန်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

လူငယ်အများစုကတော့ စစ်အုပ်စုရဲ့ နေ့စဉ်ရက်ဆက် လေကြောင်းဗုံးကြဲမှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကြောင့် ဘဝမလုံခြုံမှုတွေ ရှိနေတဲ့အချိန် ဦးမင်းအောင်လှိုင်ရဲ့ ပြောဆိုမှုဟာ ပြက်လုံးတစ်ခု ဖြစ်တယ်လို့ အကြီးအကျယ် ဝေဖန်နေကြပါတယ်။

ဦးမင်းအောင်လှိုင်ဟာ သူ့အစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ ပြည့် မိန့်ခွန်းပြောကြားစဉ်မှာလည်း ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ လူငယ်တွေ ပညာတက်မြောက်မှု အားနည်းမှုကြောင့် အကြမ်းဖက်မှုတွေ ဖြစ်လာတာလို့ စွပ်စွဲပြောဆိုသွားပါတယ်။

အဲဒီမိန့်ခွန်းထဲမှာ ၁၉၈၈ ရှစ်လေးလုံး လူထုလှုပ်ရှားမှုနဲ့ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေဟာ ပညာတတ်မြောက်မှု နည်းပါးပြီး စဉ်းစားဆင်ခြင်မှု အားနည်းတာကြောင့် သူလိုရာ ကောက်ချက်ဆွဲ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ကိုယ်တိုင်ခန့် သမ္မတ ဖြစ်တဲ့ ဦးမင်းအောင်လှိုင်ကတော့ လူငယ်တွေ ဘဝမလုံခြုံမှုတွေ ဖြစ်ပေါ်နေတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို နိုင်ငံတော် ကာကွယ်ရေးစွမ်းပကားနဲ့ လုံခြုံရေးစွမ်းပကား ရရှိစေဖို့ ဆက်လက်ကျင့်သုံးမယ်လို့ သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.