တိုကျို ဇွန် ၂၆

ဂျပန်နိုင်ငံမှာ အပူပိုင်းမုန်တိုင်း ၂ လုံး တစ်ပြိုင်နက် ချဉ်းကပ်လာနေချိန် လူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူပေါင်း ၁ သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက ဇွန် ၂၆ ရက်မှာ သတိပေးထားပါတယ်။

အရင်က တိုင်ဖွန်းအဆင့်ရှိခဲ့တဲ့ မက်ခါလာ မုန်တိုင်းဟာ အခုတော့ အားလျော့ပြီး အပူပိုင်းမုန်တိုင်းအဖြစ် ပြောင်းလဲသွားပေမယ့် တစ်နာရီကို လေတိုက်နှုန်း ၁၀၈ ကီလိုမီတာအထိ ရှိနေဆဲဖြစ်ပါတယ်။ မုန်တိုင်းကြောင့် ဂျပန်တောင်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနေပြီး ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ်တွေ တိုးလာနေပါတယ်။

မုန်တိုင်းဟာ ဒီတစ်ပတ်ကုန်အတွင်း ကျူရှူ၊ ရှူကိုကုနဲ့ဟွန်ရှူးကျွန်းတွေကို ဖြတ်သန်းသွားမယ်လို့ ခန့်မှန်းထားပြီး အိုဆာကာ၊ နာဂိုယာနဲ့ တိုကျိုလို လူနေထူထပ်တဲ့ မြို့ကြီးတွေပါ သက်ရောက်မှု ခံရနိုင်ပါတယ်။

တချိန်တည်းမှာပဲ ပစိဖိတ်သမုဒ္ဒရာဘက်မှာ လှုပ်ရှားနေတဲ့ ဟီဂိုစ်အပူပိုင်းမုန်တိုင်းနဲ့ နီးကပ်လာတာကြောင့် မုန်တိုင်းနှစ်လုံး အပြန်အလှန် သက်ရောက်တဲ့ ဖူဂျီဝါရာသက်ရောက်မှုဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။ ဒီဖြစ်စဉ်ကြောင့် မုန်တိုင်းရဲ့ လမ်းကြောင်းနဲ့ အင်အားကို ခန့်မှန်းရ ပိုမိုခက်ခဲနိုင်ပါတယ်။

ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မီနိုရူ ကီဟာရာက လက်ရှိအချိန်အထိ လူ ၁ ဦး အပြင်းအထန် ဒဏ်ရာရပြီး နောက်ထပ် ၃ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရထားကြောင်း၊ ကာဂိုရှီးမားဒေသမှာလည်း အဆောက်အအုံ အများအပြား ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ကြောင်း ပြောပါတယ်။ အစိုးရအနေနဲ့ ဒေသခံအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အရေးပေါ် ကယ်ဆယ်ရေးနဲ့ ဘေးအန္တရာယ် တုံ့ပြန်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ဂျပန်အဲဝေး (JAL) နဲ့ All Nippon Airways (ANA) တို့က အိုကီနာဝါနဲ့ ကာဂိုရှီးမားသို့ အသွားအပြန် လေယာဉ်ခရီးစဉ် စုစုပေါင်း ၁၂၀ ကို ဖျက်သိမ်းခဲ့ပါတယ်။

ဒေသခံအာဏာပိုင်တွေက လူဦးရေ ၁ သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အကြံပြုထားပြီး မြေပြိုမှု၊ ရေကြီးမှုနဲ့ မိုးသည်းထန်မှုကြောင့် ဖြစ်နိုင်တဲ့ တခြားသဘာဝဘေးအန္တရာယ်တွေကိုလည်း သတိထားဖို့ တိုက်တွန်းထားပါတယ်။

ကျိုတိုနဲ့အိုဆာကာမြို့တွေမှာလည်း မြစ်ရေမြင့်တက်လာနေတဲ့အတွက် ရေကြီးနိုင်ခြေရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ကားထုတ်လုပ်ရေးကုမ္ပဏီ တိုယိုတာက လမ်းပိတ်ဆို့မှုတွေကြောင့် ကျူရှူးက စက်ရုံတစ်ရုံရဲ့ လုပ်ငန်းလည်ပတ်မှုကို ယာယီရပ်နားခဲ့ပြီး နစ်ဆန်းကုမ္ပဏီကလည်း ထုတ်လုပ်ရေးလိုင်းတချို့ကို ရပ်နားဖို့ စီစဉ်ထားကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

အိမ်နီးချင်း ထိုင်ဝမ်မှာလည်း မက်ခါလာ မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားနေပါတယ်။ လူပေါင်း ၁,၆၀၀ ကျော်ကို နေအိမ်တွေကနေ ရွှေ့ပြောင်းပေးထားရပြီး ဒေသ တချို့မှာ ကျောင်းတွေနဲ့ အစိုးရရုံးတွေကို ယာယီပိတ်ထားပါတယ်။

အထူးသဖြင့် ဟွာလီအန်၊ ခိုရှီအွန်နဲ့ ပင်တွန် ဒေသတွေမှာ တောင်ကျရေစီးနဲ့ မြေပြိုမှု အန္တရာယ် မြင့်မားနေကြောင်း အာဏာပိုင်တွေက သတိပေးထားပြီး ဇွန် ၂၅ ကစလို့ မိုးရေချိန် ၈၈ စင်တီမီတာအထိ ရွာသွန်းထားကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.