ဆိုးလ် ဇွန် ၂၆
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်ဗဟိုခရိုင်တရားရုံးက သမ္မတဟောင်း ယွန်ဆော့ယိုရဲ့ ဇနီးဖြစ်သူ သမ္မတကတော်ဟောင်း ကင်ကွန်ဟီးကို ရာထူးခန့်အပ်ပေးတာနဲ့ စီးပွားရေးအကျိုးအမြတ်ရအောင် ကူညီပေးတဲ့အတွက် အဖိုးတန်လက်ဆောင်တွေ လက်ခံရယူခဲ့ကြောင်း စွဲချက်တွေနဲ့ ဇွန် ၂၆ ရက်မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပါတယ်။
ကင်ကွန်ဟီးဟာ ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌတစ်ဦးရဲ့ သားမက်ကို အစိုးရရာထူးတစ်ခု ရအောင် ကြားဝင်စီစဉ်ပေးခဲ့တဲ့အတွက် ဝမ် သန်း ၁၀၀ ကျော်တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေကို တံစိုးလက်ဆောင်အဖြစ် လက်ခံခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးမှုအရ ကင်ကွန်ဟီးဟာ စုစုပေါင်း ဝမ် သန်း ၃၀၀ ခန့်တန်ဖိုးရှိတဲ့ လက်ဆောင်ပစ္စည်းတွေကို လက်ခံရယူခဲ့တယ်လို့ ဆိုထားပြီး တရားရုံးက စွဲချက်အားလုံးမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
တရားခွင်ကို ဦးဆောင်တဲ့ တရားသူကြီး ချိူဆွန်းဖြိုက “သမ္မတကတော်ဆိုတဲ့ ရာထူးနဲ့အတူ ပါလာတဲ့ လူမှုတာဝန်တွေကို လုံးဝလျစ်လျူရှုပြီး အဲဒီရာထူးကို ကိုယ်ပိုင်အကျိုးစီးပွားအတွက်သာ အသုံးချခဲ့တယ်” လို့ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ တရားခွင်အတွင်း ပြောကြားခဲ့ပါတယ်။
ကင်ကွန်ဟီးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ တရားစွဲဆိုခဲ့တာဖြစ်ပြီး စွဲချက်တွေထဲမှာ ၂၀၂၂ ခုနှစ် မတ်လကနေ မေလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဆီက Van Cleef & Arpels အမှတ်တံဆိပ် လည်ဆွဲနဲ့ တခြားလက်ဝတ်ရတနာတွေ ရယူခဲ့တာ၊ ၂၀၂၂ ခုနှစ် ဧပြီလမှာ အမျိုးသားပညာရေးကော်မရှင် ဥက္ကဋ္ဌဟောင်းဆီက ရာထူးခန့်အပ်ပေးဖို့အတွက် ရွှေလိပ်ရုပ်တစ်ရုပ် လက်ခံခဲ့တာ၊ အဲဒီနှစ်အတွင်း ဘုန်းတော်ကြီးတစ်ပါးဆီက တန်ဖိုး ဝမ် ၅ ဒသမ ၄ သန်းရှိတဲ့ Dior လက်ကိုင်အိတ်ကို ရယူခဲ့တာ၊ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဆီက Vacheron Constantin အမှတ်တံဆိပ် နာရီကို လက်ခံခဲ့တာတို့ ပါဝင်ပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာလည်း ရွေးကောက်ပွဲဝင်ခွင့်ရအောင် ကူညီပေးဖို့အတွက် အစိုးရရှေ့နေဟောင်းတစ်ဦးဆီက နာမည်ကျော် ပန်းချီဆရာ Lee Ufan ရဲ့ ပန်းချီကားတစ်ချပ်ကို လက်ခံခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။
အဲဒီ လာဘ်ပေးလာဘ်ယူမှုအများစုဟာ ခင်ပွန်းဖြစ်သူ ယွန်ဆော့ယို သမ္မတတာဝန် ထမ်းဆောင်ခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလကနေ ၂၀၂၅ ခုနှစ် ဧပြီလအထိ ကာလအတွင်း ဖြစ်ပွားခဲ့တာလို့ တရားရုံးက ဆိုပါတယ်။
တရားသူကြီးက ကင်ကွန်ဟီးဟာ စုံစမ်းစစ်ဆေးမှု စတင်ပြီးနောက် လက်ဆောင်ပစ္စည်းတချို့ကို ပြန်ပေးခဲ့သလို၊ တချို့ကိုတော့ ကိုယ်တိုင်ဝယ်ယူထားတာလို့ ငြင်းဆိုပြီး တာဝန်ကနေ ရှောင်လွှဲဖို့ ကြိုးစားခဲ့ကြောင်း ထောက်ပြခဲ့ပါတယ်။
ကင်ကွန်ဟီးကို ထောင် ၇ နှစ်ခွဲ ချမှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး သမ္မတဟောင်း ကတော်ရဲ့ ရှေ့နေတွေကတော့ အယူခံဝင်သွားမယ်လို့ ပြောပါတယ်။
ဒီအမှုမတိုင်ခင်ကလည်း သီးခြား အကျင့်ပျက်ခြစားမှုအမှုတစ်ခုအတွက် ကင်ကွန်ဟီးကို အယူခံတရားရုံးက ထောင်ဒဏ် ၄ နှစ် ချမှတ်ထားပြီး ဖြစ်ပါတယ်။
Ref:Yonhap

