ကာရာကတ်စ်၊ ဇွန် ၂၅
ဗင်နီဇွဲလားနိုင်ငံမှာ အားပြင်းတဲ့ ငလျင် နှစ်ကြိမ် လှုပ်ခတ်ပြီး နောက်ဆက်တွဲ ငလျင်လှိုင်းဒါဇင်နဲ့ချီ လှုပ်ခတ်ခဲ့ပြီးနောက် ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွတ်ဇ်က ဇွန် ၂၃ ရက်မှာအရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
အားပြင်းတဲ့ ငလျင်တွေကြောင့် မြို့တော် ကာရာကတ်စ်နဲ့ တခြားနေရာတွေမှာ ရှိတဲ့ အဆောက်အဦတွေ ပြိုကျခဲ့ပါတယ်။
အမျိုးသားလွှတ်တော် အကြီးအကဲနဲ့ ပြည်ထဲရေး ဝန်ကြီး ဒိုင်းအို့စ် ဒါဒို ကာဗယ်လိုကို ဘေးမှာ ထားပြီး ရိုဒရီဂွတ်ဇ်က သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပေမယ့် သေဆုံးသူ အရေအတွက်နဲ့ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကိုတော့ မပြောကြားပါဘူး။
ကာရာကတ်စ်မှာ မဂ္ဂနီကျု့ ၇ ဒသမ ၂ အဆင့်ရှိ ငလျင်နဲ့ ၇ ဒသမ ၅ အဆင့်ရှိ ငလျင် နှစ်ခု ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်လှိုင်းတွေ အများကြီး လှုပ်ခဲ့တာ ဖြစ်ပါတယ်။
ငလျင်ကြောင်း ဗင်နီဇွဲလားရဲ့ အဓိက နိုင်ငံတကာလေဆိပ် ပျက်စီးသွားပြီး ပြိုကျ ပျက်စီးသွားတဲ့ အဆောက်အဦတွေကြား အသက်ရှင်ကျန်သူတွေကို ကယ်ဆယ်ရေးသမားတွေက လိုက်လံ ရှာဖွေနေပါတယ်။
အမေရိကန် ငလျင်ဌာနက ထိခိုက်သေဆုံးမှု အများအပြား ရှိတယ်လို့ ဖော်ပြထားပေမယ့် ယာယီ သမ္မတကတော့ ထိခိုက်သေဆုံးမှု အရေအတွက်ကို ပြောပြထားတာ မရှိသေးပါဘူး။
ဒေသစံတော်ချိန် ညနေ ၆ နာရီနဲ့ ၄ မိနစ်မှာ ငလျင် လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး နိုင်ငံသား အများဟာ အားလပ်ရက်အတွင်း ကိုယ့်အိမ်နေရာတွေမှာပဲ နေနေချိန် ဖြစ်ပါတယ်။
ကာရာကတ်စ်မြို့ အနောက်ဖက်ဒေသကို ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး ကိုလမ်ဘီယာ နိုင်ငံ ဘိုဂိုတာမြို့ကတောင် ငလျင်ကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ကတော့ ဗင်နီဇွဲလားမှာ ပြင်းထန်တဲ့ ငလျင် နှစ်ကြိမ် လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူ အများအပြားရှိတယ်လို့ ပြောထားပါတယ်။
သူ့အနေနဲ့ ဘယ်သတင်း အချက်အလက်တွေကို အခြေခံပြီး အခုလိုမျိုး ပြောဆိုသလဲ ဆိုတာတော့ မသိရပါဘူး။
ဗင်နီဇွဲလားကို ကူညီပေးဖို့ မိမိတို့ အစိုးရ အေဂျင်စီတွေ အားလုံးကို ညွှန်ကြားထားကြောင်း ထရန့်က ပြောပါတယ်။
မိမိတို့ရဲ့ မိတ်ဆွေ အသစ်တွေကို သွားရောက် ကူညီပေးမှာ ဖြစ်ကြောင်း ထရန့်က ပြောပါတယ်။
ဗင်နီဇွဲလားမှာ ငလျင်ကြောင့် ထိခိုက်မှု အများကြီး ရှိပေမယ့် သေဆုံး၊ ဒဏ်ရာရသူ စာရင်းတော့ အတိအကျ မသိရသေးပါဘူး။
Ref:BBC/Reuters

