ဝါရှင်တန် ဇွန် ၂၄

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အီရန်စစ်ရေးဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် ကွန်ဂရက်က သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပါတယ်။

ဇွန် ၂၄ ရက်နေ့မှာ ရီပတ်ဘလီကန်ပါတီ အများစုထိန်းချုပ်ထားတဲ့ အမေရိကန် အထက်လွှတ်တော်က ထရန့်အနေနဲ့ အီရန်စစ်ပွဲကို ရပ်တန့်ဖို့ ဒါမှမဟုတ် ဆက်လက်စစ်ဆင်ရေးလုပ်ချင်ရင် ကွန်ဂရက်လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို အရင်ရယူဖို့ တောင်းဆိုတဲ့ အဆိုပြုချက်ကို မဲခွဲ အတည်ပြုလိုက်ပါတယ်။

မဲခွဲရာမှာ ထောက်ခံမဲ ၅၀ ၊ ကန့်ကွက်မဲ ၄၈ မဲ ရရှိခဲ့တာပါ။ ရီပတ်ဘလီကန် လွှတ်တော်အမတ် တချို့ကလည်း ဒီမိုကရက်တစ်ပါတီနဲ့ ပူးပေါင်းပြီး ထောက်ခံမဲပေးခဲ့ကြပါတယ်။

ဒီအဆိုပြုချက်ကို အောက်လွှတ်တော်ကလည်း အခုလအစောပိုင်းမှာ အတည်ပြုပြီးဖြစ်ပါတယ်။

ဒါပေမယ့် ဒီဆုံးဖြတ်ချက်ဟာ ဥပဒေအရ အတင်းအကျပ် လိုက်နာရမယ့် ဥပဒေမဟုတ်ဘဲ ကွန်ဂရက်လွှတ်တော်ရဲ့ သဘောထားကို ဖော်ပြတဲ့ သင်္ကေတဆန်တဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တာကြောင့် သမ္မတထံ ပေးပို့ပြီး လက်မှတ်ထိုးခိုင်းမှာ မဟုတ်သလို ဥပဒေသက်ရောက်မှုလည်း မရှိဘူးလို့ သိရပါတယ်။

ထရန့်ကတော့ ဒီဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး “ချိန်သားမကိုက် အဓိပ္ပာယ်မရှိတဲ့ မဲခွဲမှု” လို့ ပြောဆိုခဲ့ပါတယ်။

ထရန့်က “အီရန်ကို ဖိအားပေးနိုင်ဖို့ နီးစပ်နေတဲ့အချိန်မှာ အထက်လွှတ်တော်က ဒီလို မဲခွဲတာဟာ ကျွန်တော့်အလုပ်ကို ပိုခက်ခဲစေတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ပြီးအောင်လုပ်မှာပါ” လို့ လူမှုကွန်ရက် Truth Social မှာ ရေးသားခဲ့ပါတယ်။

၁၉၇၃ ခုနှစ် War Powers Resolution ဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း သမ္မတတစ်ဦးကို စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းဖို့ ကွန်ဂရက်နှစ်ရပ်စလုံးက အတည်ပြုတောင်းဆိုခဲ့တာ ဒီတစ်ကြိမ်ဟာ ပထမဆုံးအကြိမ် ဖြစ်လာပါတယ်။

နိုင်ငံရေးလေ့လာသူတွေကတော့ ဒီဆုံးဖြတ်ချက်ဟာ ဥပဒေအရ ချုပ်နှောင်နိုင်စွမ်း မရှိပေမယ့် အမေရိကန်ပြည်သူတွေရဲ့ စစ်ပွဲအပေါ် မကျေနပ်မှုကို ထင်ဟပ်ပြသနေတယ်လို့ သုံးသပ်ကြပါတယ်။

အီရန်နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ငါးလနီးပါး ကြာမြင့်လာပြီဖြစ်ပြီး လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ပြည်သူတွေအကြား လူကြိုက်မများတော့တဲ့ စစ်ပွဲတစ်ခု ဖြစ်လာနေပါတယ်။

လက်ရှိမှာတော့ အမေရိကန်နဲ့ အီရန်တို့ဟာ ဧပြီ ၇ ရက်နေ့က သဘောတူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းထားပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နှစ်နိုင်ငံသမ္မတတွေ လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာအရ စစ်ပွဲအဆုံးသတ်နိုင်မယ့် သဘောတူညီချက်တစ်ရပ် ရရှိဖို့ ဆွေးနွေးနေကြပါတယ်။

အဲဒီ သဘောတူညီချက်အရ အမေရိကန်နဲ့ အီရန်တို့ဟာ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို အဆုံးသတ်ရေးအပါအဝင် ပိုမိုကျယ်ပြန့်တဲ့ သဘောတူညီချက်တစ်ခု ရရှိဖို့ ရက်ပေါင်း ၆၀ အချိန်ရရှိထားတယ်လို့ သိရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.