ဘန်ကောက် ဇွန် ၂၄

ထိုင်းနိုင်ငံမှာ လူပေါင်း ၉ သန်းကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ခိုးယူပြီး ရောင်းစားနေတဲ့ ဂိုဏ်းတစ်ခုကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဇွန် ၂၃ ရက်နေ့က ပြည်နယ် ၁၆ ခုမှာရှိတဲ့ နေရာပေါင်း ၂၂ ခုကို တပြိုင်နက် ဝင်ရောက်စီးနင်းခဲ့ရာ သံသယရှိသူ ၉ ဦးကို ဖမ်းမိခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ဒီဂိုဏ်းဟာ ၂၀၂၂ ခုနှစ်ကတည်းက လှုပ်ရှားနေခဲ့တာဖြစ်ပြီး လူပေါင်း ၉,၆၁၆,၁၉၉ ယောက်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို လက်ဝယ်ရရှိထားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံသားမှတ်ပုံတင်ကတ် ဓာတ်ပုံ ၄၇၇ ပုံကိုလည်း သိမ်းဆည်းထားခဲ့တာ တွေ့ရှိရပါတယ်။

အဲဒီ ခိုးယူထားတဲ့ အချက်အလက်တွေကို “ဆရာဝန်တွေ”၊ “ဆရာ၊ ဆရာမတွေ”၊ “ချမ်းသာသူတွေ” နဲ့ “အငြိမ်းစားအစိုးရဝန်ထမ်းတွေ” ဆိုပြီး အမျိုးအစားအလိုက် စနစ်တကျ ခွဲခြားထားတာကို တွေ့ရှိခဲ့ရတာပါ။

ရဲတပ်ဖွဲ့က သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲမှာ လက်ပ်တော့ ကွန်ပျူတာ ၅ လုံး၊ ဒက်စတော့ ကွန်ပျူတာ ၆ လုံး၊ ဖုန်းအများအပြား တပြိုင်နက် အသုံးပြုနိုင်တဲ့ Phone Farm Box တစ်လုံး၊ မိုဘိုင်းဖုန်းနဲ့ တက်ဘလက် ၃၁ လုံး၊ ဖုန်းဆင်းကတ် ၁၁၂ ကတ်၊ ဘဏ်စာအုပ် ၁၀ အုပ်၊ ငွေသား ၇၇၅,၀၀၀ ဘတ်၊ သေနတ် ၂ လက်နဲ့ ကျည် ၄၂ တောင့် ပါဝင်ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ ဒီလို ခိုးယူခံရတဲ့ အချက်အလက်တွေဟာ အွန်လိုင်းလိမ်လည်မှု တိုင်ကြားချက် ၁ သောင်းကျော်နဲ့ ဆက်စပ်နေပြီး စုစုပေါင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးက ဘတ်ငွေ ၂ ဘီလီယံခန့် ရှိတယ်လို့ သိရပါတယ်။

ထို့အပြင် အစိုးရဝန်ထမ်းတွေထံကနေလည်း ဘတ်ငွေ သန်း ၃၀၀ ခန့် လိမ်လည်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ အချက်အလက်တွေကို Cloud စနစ်ပေါ်မှာ သိမ်းဆည်းထားပြီး လိမ်လည်သူတွေ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ ဝယ်ယူအသုံးပြုနိုင်အောင် ပြုလုပ်ထားတယ်လို့ စုံစမ်းတွေ့ရှိထားပါတယ်။

ထိုင်းအစိုးရ တာဝန်ရှိသူတွေကတော့ ဒီလို ကိုယ်ရေးအချက်အလက် ခိုးယူမှုတွေဟာ ပြည်သူတွေအတွက် ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေနိုင်တာကြောင့် အရေးကြီးတဲ့ ဆိုက်ဘာရာဇဝတ်မှုတစ်ခုအဖြစ် ဆက်လက်အရေးယူသွားမယ်လို့ ပြောကြားထားပါတယ်။

Ref:BangkokPost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.