ပြုံးယမ်း ဇွန် ၂၄
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က နိုင်ငံရဲ့ ရေတပ်အင်အားကို ပိုမိုတိုးချဲ့သွားမယ့် အစီအစဉ်တွေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အထူးသဖြင့် နျူကလီးယားလက်နက်တပ်ဆင်ထားတဲ့ ရေတပ်ကို တည်ဆောက်သွားမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့အတူ တန်ချိန် ၁၀,၀၀၀ ရှိ စစ်သင်္ဘောကြီးတွေကို ဆက်တိုက် တည်ဆောက်သွားမယ်လို့ ပြောဆိုခဲ့တာပါ။
ဇွန် ၂၄ ရက်နေ့မှာ ကင်ဂျုံအန်ဟာ နမ်ဖိုဆိပ်ကမ်းမြို့မှာ ကျင်းပခဲ့တဲ့ “ချိုဟျွန်” စစ်သင်္ဘော တပ်တော်ဝင် အခမ်းအနားမှာ အခုလို ရေတပ်တိုးချဲ့မယ့်အကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ချိုဟျွန်သင်္ဘောဟာ တန်ချိန် ၅,၀၀၀ ရှိ စစ်သင်္ဘောဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ရေချခဲ့တဲ့ စစ်သင်္ဘောနှစ်စီးထဲက တစ်စီးလည်း ဖြစ်ပါတယ်။
ကင်ဂျုံအန်က “ရေတပ်ကို နျူကလီးယားလက်နက်တွေ တပ်ဆင်ပေးရေး အစီအစဉ်ဟာ စီမံထားတဲ့အတိုင်း ဆက်လက် အကောင်အထည်ဖော်နေကြောင်းနဲ့ ဒီလုပ်ဆောင်ချက်က မြောက်ကိုရီးယားရဲ့ နျူကလီးယားတပ်ဖွဲ့ကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်ဖို့ အရေးကြီးတဲ့ မဟာဗျူဟာတစ်ရပ်ဖြစ်တယ်လို့ ပြောဆိုပါတယ်။
မြောက်ကိုရီးယားက အရင်တုန်းကလည်း ချိုဟျွန်စစ်သင်္ဘောမှာ အင်အားအကောင်းဆုံး လက်နက်စနစ်တွေ တပ်ဆင်ထားတယ်လို့ ကြေညာခဲ့ဖူးပြီး၊ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ကင်ဂျုံအန်ကိုယ်တိုင် သင်္ဘောပေါ်ကနေ ခရုဇ်ဒုံးကျည် ပစ်ခတ်စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပါတယ်။
ခေါင်းဆောင် ကင်က “ချိုဟျွန်ပြီးရင် ဖျက်သင်္ဘော ကန်ကွန် ကိုလည်း မကြာခင် တာဝန်ထမ်းဆောင်ခိုင်းမှာဖြစ်ပြီး အဲဒီနောက်မှာတော့ တန်ချိန် ၁၀,၀၀၀ ရှိ မဟာဗျူဟာ စစ်သင်္ဘောတွေကို တစ်စီးပြီးတစ်စီး တည်ဆောက်သွားမယ်” လို့ ပြောဆိုခဲ့သေးတာပါ။
ဒါ့အပြင် ချိုဟျွန်ထက် ပိုကြီးတဲ့ စစ်သင်္ဘောအမျိုးအစားတွေကို နှစ်စဉ် နှစ်စီးနှုန်း တည်ဆောက်သွားဖို့ ရည်ရွယ်ထားပြီး၊ အဲဒီထဲမှာ တန်ချိန် ၁၀,၀၀၀ ရှိ Cruiser စစ်သင်္ဘောတစ်စီးလည်း ပါဝင်မယ်လို့ ဆိုပါတယ်။
တန်ချိန် ၁၀,၀၀၀ ရှိတဲ့ စစ်သင်္ဘောဆိုတာ အမေရိကန်ရေတပ်ရဲ့ အာလီဘတ်အဆင့် ဖျက်သင်္ဘော ဒါမှမဟုတ် တောင်ကိုရီးယားရဲ့ ဆဲဂျုံးသယ်ဂရိတ် စစ်သင်္ဘောတွေနဲ့ အရွယ်အစားချင်း တူညီတဲ့ အဆင့်ဖြစ်ပါတယ်။ ဒီလိုသင်္ဘောတွေဟာ အရှည် ၁၅၀ မှ ၁၇၀ မီတာလောက် ရှိတတ်ပြီး ဘောလုံးကွင်း တစ်ကွင်းခွဲလောက် အရွယ်အစားရှိပါတယ်။
လက်ရှိမှာ တောင်ကိုရီးယားရေတပ်မှာ တန်ချိန် ၅,၀၀၀ ကျော် စစ်သင်္ဘော ၁၀ စီးကျော် ရှိနေပြီး မြောက်ကိုရီးယားမှာတော့ အဲဒီအဆင့်ရှိ သင်္ဘော နှစ်စီးသာ ရှိသေးတာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ဟနွိုင်းမြို့မှာ ကျင်းပခဲ့တဲ့ ကင်ဂျုံအွန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ခဲ့တဲ့နောက်ပိုင်း မြောက်ကိုရီးယားက သူတို့ဟာ နျူကလီးယားနိုင်ငံဖြစ်တည်မှုကို ပြန်ပြောင်းလို့ မရတော့ဘူးလို့ အကြိမ်ကြိမ် ကြေညာလာခဲ့ပါတယ်။
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားဟာ ၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲကို ငြိမ်းချမ်းရေးစာချုပ်နဲ့ မပြီးဆုံးဘဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့သာ ရပ်နားထားတာကြောင့် ဒီနေ့ထိ နည်းပညာအရ စစ်ပွဲအခြေအနေမှာ ရှိနေဆဲဖြစ်ပါတယ်။
ကျွမ်းကျင်သူတွေကတော့ မြောက်ကိုရီးယားရဲ့ ဒီကြေညာချက်ဟာ အဓိကအားဖြင့် အမေရိကန်နိုင်ငံကို သတင်းပို့တဲ့ သဘောမျိုး ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ တောင်ကိုရီးယားရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အမေရိကန်ဟာ တောင်ကိုရီးယားမှာ စစ်သား ၂၈,၅၀၀ လောက်တပ်စွဲထားပါတယ်။
တကယ်လို့ မြောက်ကိုရီးယားက နျူကလီးယားထိပ်ဖူးတပ်ဆင်ထားတဲ့ ခရုဇ်ဒုံးကျည်တွေကို စစ်သင်္ဘောပေါ်ကနေ ပစ်ခတ်နိုင်လာမယ်ဆိုရင် တောင်ကိုရီးယားနဲ့ အမေရိကန် စစ်တပ်တွေအတွက် ကာကွယ်ရေးနဲ့ တားဆီးရေး ကုန်ကျစရိတ်တွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။
ဒီကြေညာချက်မတိုင်ခင် ရက်ပိုင်းအလိုမှာ ကင်ဂျုံအန်က အာဏာရပါတီ အစည်းအဝေးတစ်ခုမှာ စစ်တပ်ခေတ်မီရေးကို ပိုမိုအရှိန်မြှင့်မယ်လို့ ကတိပြုခဲ့ပြီး၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ကိုရီးယားကျွန်းဆွယ်ကို “နျူကလီးယားစစ်ပွဲ အန္တရာယ်နားအထိ တွန်းပို့နေတယ်” လို့ စွပ်စွဲခဲ့ပါတယ်။
Ref:AFP

