ဘန်ကောက်၊ ဇွန် ၂၃

ထိုင်းအစိုးရက ဝင်ငွေ အလယ်အလတ်ရှိ နိုင်ငံအဆင့်ကို ကျော်ဖြတ်ပြီး ၁၂ နှစ်အတွင်း ဝင်ငွေ အကောင်းဆုံးနိုင်ငံ ဖြစ်လာစေရေး ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ဇွန် ၂၂ ရက်မှာ ကျင်းပခဲ့တဲ့ အများပြည်သူနဲ့ ပုဂ္ဂလိက တိုင်ပင် ဆွေးနွေးရေး ကော်မတီ ဗွေဆော်ဦး အစည်းအဝေးမှာ အခုလိုမျိုး ရည်မှန်းချက်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဝင်ငွေ အလယ်အလတ် နိုင်ငံ ဖြစ်စေတဲ့ ထောင်ချောက်တွေကို ကျော်ဖြတ်သွားမယ်လို့လည်း ဘန်ကောက်အစိုးရက ပြောပါတယ်။

ထိုင်းနိုင်ငံကို အပြိုင်အဆိုင် ဖြစ်မှုအတွက် ၂၀၃၀ မတိုင်ခင် ကမ္ဘာ့ ထိပ်တန်း နိုင်ငံ ၂၀ စာရင်းဝင် ဖြစ်လာစေရေးလည်း ထိုင်းအစိုးရက ရည်မှန်းထားပါတယ်။

အစည်းအဝေးပြီးနောက် လက်ထောက်ဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး အီနက်သီ နီသီသမ် ဖရာဖတ်စ်က ပြောကြားရာမှာ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်းပြီး ရေတို၊ရေရှည်နဲ့ သက်တမ်းအလယ် စီးပွားရေး အားကောင်းလာအောင် ဆောင်ရွက်ရေး မူဘောင်တစ်ရပ် ရေးဆွဲသွားရမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်းပြီး ဝင်ငွေ အလယ်အလတ် ဖြစ်စေတဲ့ ထောင်ချောက်တွေကို ကျော်ဖြတ်ရေး အရေးအကြီးဆုံး ဖြစ်ကြောင်း ဝန်ကြီး အီနက်သီက ဆိုပါတယ်။

သက်တမ်းလတ် စီမံကိန်းအရ ထိုင်းအစိုးရက နိုင်ငံ့ ပြည်တွင်းထုတ်ကုန် တန်ဖိုးကို ၂၀၃၀ မတိုင်ခင် ၃ ရာခိုင်နှုန်းအထက် တိုးတက်အောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ရာမှာ ဘောလုံးအသင်း တစ်သင်းလိုပဲ ရှေ့တန်း အလယ်တန်းနဲ့ နောက်တန်း ချိတ်ဆက်မှု အားကောင်းရမှ အောင်မြင်မှာ ဖြစ်တယ်လို့ မစ္စတာ အီနက်သီက ပြောပါတယ်။

အသေးစား စီးပွားရေး လုပ်ငန်းတွေ တည်ငြိမ်ရေး၊ ရင်းနှီးမြှုပ်နှံသူများ ယုံကြည်မှု ပိုများလာစေရေး ဘဏ္ဍာရေး စည်းကမ်းများကို အားဖြည့်ရေး၊ စီးပွားရေးကို ကမ္ဘာ့ပဋိပက္ခတွေရဲ့ ရိုက်ခတ်မှုတွေကနေ ကာကွယ်ပေးရေးအတွက်လည်း ဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။

နိုင်ငံတကာ ဈေးကွက်တွေ ကမောက်ကမ ဖြစ်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၇ လကနေ ၈ လ အတွင်း ထိုင်းနိုင်ငံရဲ့ ဘဏ္ဍာရေး စည်းကမ်း ဥပဒေကြောင့် စီးပွားရေး တည်ငြိမ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လျှပ်စစ်နဲ့ ရေအရင်းအမြစ် လုံလောက်စွာရရှိရေး၊ သန့်ရှင်းတဲ့ စွမ်းအင်စနစ်များ အားကောင်းလာစေရေး၊ ဒီဂျစ်တယ်နဲ့ဉာဏ်ရည်တု စနစ် အသင့်ရှိမှု အားကောင်းလာစေရေး၊ဥပဒေဆိုင်ရာ ပြုပြင် ပြောင်းလဲရေး ၊ လူသား အရင်းအနှီး တိုးတက်လာစေရေးတို့ကို စီးပွားရေး တိုးတက်မှု အခြေခံ အုပ်မြစ်အဖြစ် အဓိက ဦးစားပေး ဆောင်ရွက်သွားမယ်လို့ မစ္စတာ အီနက်သီက ပြောဆိုခဲ့ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.