လန်ဒန် ၊ နိုဝင်ဘာ ၂၈
ဗြိတိန်အစိုးရက သူတို့ရဲ့ ကွန်ပြူတာစနစ်မှာ ဆိုက်ဘာ အနှောင့်အယှက်ဖြစ်မှု တစ်ခုကြောင့် ထိခိုက်ခဲ့တယ်လို့ ပြောကြားပြီးနောက် လူသန်းပေါင်းများစွာဟာ အွန်လိုင်း အကျိုးခံစားခွင့်နဲ့ ပင်စင်လစာ ဝန်ဆောင်မှုများသို့ ဝင်ရောက်လို့ မရ ဖြစ်နေကြောင်း သိရပါတယ်။
ကွန်ပြူတာ ကွန်ရက် ချိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားမှု ဖြစ်တယ်ဆိုတာကို ဝန်ကြီးချုပ်ရုံး ဒေါင်းနင်းလမ်း အမှတ် (၁၀) က ပယ်ချမထားပေမယ့် လောလောဆယ်မှာ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ချိုးဖောက်ခံရတယ်ဆိုတဲ့ အထောက်အထား မရှိသေးကြောင်း နောက်ထပ် စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်နေကြောင်း ပြောပါတယ်။
အလုပ်အကိုင်နဲ့ ပင်စင်လစာဆိုင်ရာ ဌာန (DWP) က ဒီဂျစ်တယ် ဝန်ဆောင်မှုတွေ လိုင်းပြုတ်ကျမှုကို ကြိုတင် သတိထားမှုတွေ ပြုလုပ်နေပြီး အကျိုးခံစားခွင့်တွေနဲ့ ပင်စင်လစာ ပေးချေမှုများကို ပုံမှန်အတိုင်း ထုတ်ပေးသွားမှာ ဖြစ်ကြောင်း ပြောထားပါတယ်။
ဒါပေမဲ့ အကျိုးခံစားခွင့်ရှိသူ အတော်များများက သူတို့ရရှိမယ့် ငွေတွေ ဝင်ရောက်မလာသေးကြောင်း၊ သူတို့အနေနဲ့ အလုပ်တွေ ရှာဖွေဖို့ ကြိုးပမ်းနေကြောင်း၊ အွန်လိုင်းကနေ သက်သေပြဖို့ ဖောင်ဖြည့်ဖို့ တတ်နိုင်မှာ မဟုတ်တဲ့ အတွက် ပြစ်ဒဏ်ပေးခံရမှာကို စိုးရိမ်ကြောင်း ပြောဆိုနေကြတာပါ။
ဗြိတိန် နည်းပညာ အကြီးအကဲချုပ်ဟောင်း ဒေးဗစ် နော့သ်က အဲဒီ ဖြစ်ရပ်ဟာ တိုက်ခိုက်မှု တစ်ခု ဖြစ်တယ်ဆိုတဲ့ သံသယရှိမှု အားကောင်းကောင်း ရှိနေတယ်လို့ ဘီဘီစီ သတင်းဌာနကို ပြောပါတယ်။
ဒီလို နည်းပညာဆိုင်ရာ အခက်အခဲ ဖြစ်မှုအတွင်း ပင်စင်လစာ ထုတ်ယူရမယ့်နေ့မှာ လစာ မရတဲ့ ပင်စင်စားတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
အကျိုးခံစားခွင့်များ ရရှိလိုသူတွေအနေနဲ့ သူတို့ အလုပ်ရှာဖွေနေကြောင်း အွန်လိုင်းက သက်သေ အထောက်အထားတွေ ရေးသွင်းဖို့ လိုအပ်ပါတယ်။
ဒီလို ပင်စင်လစာနဲ့ အကျိုးခံစားခွင့်တွေ ထုတ်ယူမရ ဖြစ်နေတာကြောင့် စားသောက်မယ့် အစားအစာ ပမာဏကို လျှော့ချရမယ့် အခြေအနေမျိုးတွေလည်း ရင်ဆိုင်နေရသူတွေ ရှိပါတယ်။
လောလောဆယ် ပုံမှန် ငွေကြေးထောက်ပံ့မှုတွေ ထိခိုက်မှု မရှိဘူးလို့ သက်ဆိုင်ရာဌာနက ပြောပေမယ့် ဖောက်သည်တွေအနေနဲ့ သူတို့ရရှိမယ့် ငွေကြေးအတွက် ပြဿနာ တစ်စုံတစ်ရာ ရှိခဲ့ရင် ဖုန်းလိုင်းက တစ်ဆင့် ဆက်သွယ်နိုင်တယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ အလုပ်ရှာနေကြောင်း အထောက်အထားတွေကို အွန်လိုင်းက ရေးသား ထည့်သွင်းမှု အချိန်မီ မလုပ်နိုင်ရင် မိမိတို့ အပေါ် အရေးမယူသင့်ဘူးလို့ အကျိုးခံစားခွင့်ရှိသူတွေနဲ့ ပင်စင်စားတွေက တုံ့ပြန်ထားကြပါတယ်။
Ref:BBC

