ရွှေကျင်၊ နိုဝင်ဘာ ၂၈
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ ပဲခူးတိုင်း ရွှေကျင်မြို့နယ်အစပ် ကော်ကပ်ကျေးရွာအနီး လေကြောင်းဗုံးကြဲခံရတာကြောင့် သားအမိ နှစ်ဦး သေဆုံးခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ ဂျက်ဖိုက်တာ တိုက်ခိုက်ရေး လေယာဉ် နှစ်စီးနဲ့ ဗုံး လေးလုံးထက်မနည်း ကြဲချသွားပါတယ်။
လေကြောင်းဗုံးကြဲခံရတာကြောင့် ဇီးပြောင်းကျေးရွာကနေ ဈေးလာရောင်းနေတဲ့ အသက် ၄၀ ကျော်အရွယ် ဒေါ်ဥမ္မာသန်းနဲ့ အသက် ၁၄ နှစ်အရွယ် သားဖြစ်သူတို့ဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
လေကြောင်းဗုံးကြဲခံရတဲ့ ကော်ကပ်ဒေသဟာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG အထူးတိုင်စစ်ဌာနချုပ်ဟောင်း နေရာ ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထပ်ရှိနိုင်တယ်ဆိုတဲ့ ယူဆချက်ကြောင့် ဗုံးကြဲတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကနေ နိုဝင်ဘာ ၂၀ ရက်နေ့အထိ မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်ကို အင်အား ၁၂၀၀ ကျော် စစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်း ၂၈ ခုကို သိမ်းပိုက်ရရှိခဲ့ပါတယ်။
စစ်တပ်ဘက်က စစ်ကြောင်းပြန်ဆုတ်သွားပေမယ့် မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်မှာ နေ့စဉ်နဲ့လေကြောင်း ကင်းထောက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်တပ်ရဲ့ လေကြောင်းရန် မွန်နဲ့ပဲခူးအစပ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ၂၀၀၀၀ ကျော်ဟာ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးဘဲ ဥယျာဉ်ခြံတွေနဲ့တောင်တောင်တွေထဲ ဆက်လက်နေထိုင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်

