မကွေး နိုဝင်ဘာ ၂၈
မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ်ကို အာဏာသိမ်းစစ်တပ်က အချိန် နှစ်လကျော်ကြာ စစ်ကြောင်းထိုးနေပေမဲ့ ခရီးတစ်ဝက်တောင် မရောက်နိုင်ဖြစ်နေတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မကွေးတိုင်း ဆောမြို့နယ် လောင်းရှည်မြို့ကို ခြေကုတ်ယူပြီး ချင်းပြည်နယ် ကျင်ဒွေးမြို့ကို စစ်အင်အား ၂၀၀၀ နီးပါးနဲ့ အာဏာသိမ်းစစ်တပ်က ၂ လကျော်ကြာစစ်ကြောင်းထိုးနေတာပါ။
“အခုက လှိုင်တုတ်ရွာသစ်ကိုပဲ ရောက်သေးတယ်။ လောင်းရှည်နဲ့ ကျင်ဒွေးရဲ့ လမ်းတစ်ဝက်တောင် မရောက်သေးပါဘူး။ တက်သွားလိုက် ပြန်ဆုတ်လိုက်ပဲလုပ်နိုင်သေးတာ။” လို့ ဆောမြို့နယ်က တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လောင်းရှည်နဲ့ ကျင်ဒွေးဟာ ၂၅ မိုင်ဝန်းကျင်ဝေးကွာပြီး လက်ရှိအချိန်ထိ ကျင်ဒွေးမြို့ကို ရောက်ဖို့ ၁၄ မိုင်ဝန်းကျင် လိုအပ်နေသေးတာလို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ ၂၆ ရက်ကစလို့ အင်အား ၁၅၀၀ ဝန်းကျင်နဲ့ ကျင်ဒွေးမြို့ကို ဦးတည်စစ်ကြောင်းထိုးနေပေမဲ့ ဆွဲလွဲကျင်း၊ မဆာတွီ ကျေးရွာတွေမှာ အထိနာခဲ့တာပါ။
နိုဝင်ဘာလ ၂၇ ရက်အထိ အာဏာသိမ်းစစ်တပ်လက်အောက်ခံ အင်အား ၉၀၀ ဝန်းကျင်က ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာ၊ ထွက်ပြေးတာနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေထံ လက်နက်နဲ့အတူ ခိုလှုံတာတွေပြုလုပ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။
ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ တပ်မ ၇၇ လက်အောက်ခံ အများစုဖြစ်ပြီး မိတ္ထီလာမှာ စုဖွဲ့ပြုလုပ်ကာ မကွေး-စလင်း-စေတုတ္တရာလမ်းပိုင်းကနေ လောင်းရှည်မြို့ကို အင်အားဖြည့်တင်းတာ နှစ်လအတွင်း ၆ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လေကြောင်းကနေ နေ့စဉ်ဆိုသလို ပစ်ကူပေးနေပြီး FPV၊ လက်နက်ကြီးတွေ အသုံးပြုနေပေမဲ့ ထင်သလောက် ခရီးမရောက်ဘဲ တပ်ပြန်လန်တာတွေပါရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က မကွေး-စလင်း-စေတုတ္တရာလမ်းပိုင်းကနေ အင်အား ၃၀၀ ဝန်းကျင် လောင်းရှည်မြို့ကို ဖြည့်တင်းခဲ့ပြီး အဲဒီထဲက ၂၀၀ ဝန်းကျင်က ကျင်ဒွေးမြို့ကို နိုဝင်ဘာ ၂၆ ရက်မှာ စစ်ကြောင်းထွက်ခွာခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်နဲ့ ပဲခူးအပါအဝင် စစ်မှုထမ်း ၇၀ ရာခိုင်နှုန်းအသုံးပြုထားတဲ့ ချင်းပြည်နယ် ပလက်ဝကို ဦးတည်တဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ယောက တော်လှန်ရေးတပ်တွေ၊ အာရက္ခတပ်တော် AA နဲ့ ချင်းပြည်နယ်တော်လှန်ရေးတပ်တွေက ပူးပေါင်းခုခံနေကြတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

