နယူးဒေလီ၊ နိုဝင်ဘာ ၂၈
မြို့တော် နယူးဒေလီရဲ့ ဆင်ခြေဖုံး ရပ်ကွက် တစ်ခုမှာ ကန့်သတ် ထိန်းချုပ်ခံထားရပြီး ဆိုက်ဘာ လိမ်လည်ရေး ကျားဖြန့်လုပ်ငန်းမှာ အတင်း အဓမ္မ ပါဝင်လုပ်ကိုင်ခိုင်းထားတယ်ဆိုတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံသား ဒါဇင်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါတယ်။
စုစုပေါင်း အင်ဒိုနီးရှားနိုင်ငံသား ၉၂ ဦးနဲ့ မလေးရှားနိုင်ငံသား ၇၂ ဦးကိုကယ်တင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၂၆ ရက် ညနေပိုင်း ထုတ်ပြန်တဲ့ ကြေညာချက် တစ်ရပ်မှာ ဒေလီရဲတပ်ဖွဲ့က ဖော်ပြထားပါတယ်။
ကယ်တင်ခံလိုက်ရတဲ့သူတွေကို အလုပ်ခန့်ထားပေးမယ်၊ တန်ဖိုးများတဲ့ အခွင့်အလမ်းတွေရှိတယ်လို့ လှည့်စားပြီး အိန္ဒိယသို့ ခေါ်ယူထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့ဟာ ရင်းနှီးမြှုပ်နှံရေး အစီအစဉ် အတုတွေက တဆင့် သံသယမဝင်တဲ့ လူတွေကို လိမ်လည်တဲ့ အွန်လိုင်း လူလိမ်လုပ်ငန်းတွေမှာ အတင်းအကြပ် အလုပ်စေခိုင်းခံနေရတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။
အဲဒီ စီးနင်းမှုအတွင်း ဆိုက်ဘာ လူလိမ်လုပ်ငန်းတွေမှာ သုံးတဲ့ လက်ကိုင်ဖုန်း ၃၅၀ ကျော်၊ ကွန်ပြူတာ ၁၇၀ နီးပါး လက်ပ်တော့ပ် ၂၆ လုံးနဲ့ နိုင်ငံကူးလက်မှတ် ၁၇၄ ခု သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
မလေးရှား နိုင်ငံသား တစ်ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး အဲဒီ ကွန်ရက်အတွင်း သူပါဝင်တဲ့ အခန်းကဏ္ဍ၊ တခြားလူတွေနဲ့ ဆက်စပ်ပုံတို့ကို စုံစမ်း စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ဖြည့်စွက် ပြောဆိုပါတယ်။
၂၀၂၅ ခုနှစ် နောက်ပိုင်း နှိမ်နှင်းမှုတွေကြောင့် ဖိအားရှိလာပြီးနောက် အရှေ့တောင်အာရှရှိ ကြီးမားပြီး ဗဟိုက ထိန်းချုပ်ထားတဲ့ ကျားဖြန့် လုပ်ငန်းတွေရဲ့ပုံစံ ပြောင်းလဲသွားခဲ့ပါတယ်။
တချို့လုပ်ငန်းတွေဟာ ပိုသေးငယ်တဲ့ ဗဟိုထိန်းချုပ်မှု မရှိတဲ့ လုပ်ငန်းတွေ အဖြစ် ပြောင်းလဲလာပြီး ဥပဒေ စည်းကြပ်မှု သိသိသာသာ အားနည်းတဲ့ နိုင်ငံတွေမှာ အခြေစိုက်လာကြပါတယ်။
ပါကစ္စတန်နဲ့ သီရိလင်္ကာတို့လို တောင်အာရှ နိုင်ငံတွေဟာ အခုအချိန်မှာ ဆိုက်ဘာ လူလိမ် လုပ်ငန်းတွေအပေါ် တုံ့ပြန်ရေး အလျင်စလို လုပ်ဆောင်နေကြရပါတယ်။
အွန်လိုင်း လူလိမ်လုပ်ငန်းတွေဟာ ပြည်ဝင်ခွင့် ပိုမို လွယ်ကူတဲ့ နိုင်ငံတွေနဲ့ အင်တာနက် အမြန်နှုန်း မြင့်မားတဲ့ နိုင်ငံတွေဆီ ပြောင်းရွှေ့လာခဲ့ကြပါတယ်။
အိန္ဒိယရဲတပ်ဖွဲ့က နိုင်ငံတကာ ဆိုက်ဘာ လူလိမ်လုပ်ငန်းနဲ့ လူမှောင်ခို လုပ်ငန်းကို ဖမ်းဆီးမှုအတွင်း နိုင်ငံခြားသား ၁၆၄ ဦးကို ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံသား တစ်ဦး ထွက်ပြေးလွတ်မြောက်လာခဲ့ပြီးနောက် အဲဒီ လုပ်ငန်းအကြောင်း ဖော်ထုတ်လိုက်ရာကနေတဆင့် အခုလို ဖမ်းဆီးမှုတွေ ကယ်တင်မှုတွေ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံခြားသား ဒါဇင်ပေါင်းများစွာဟာ အိန္ဒိယသို့ ရောက်ပြီဆိုတာနဲ့ သူတို့ရဲ့ နိုင်ငံကူး လက်မှတ်တွေ သိမ်းဆည်းခံရပြီး နယူးဒေလီမြို့ ဆင်ခြေဖုံး အရပ်က နည်းပညာနဲ့ စီးပွားရေး လုပ်ငန်း စုရပ် တစ်ခု ဖြစ်တဲ့ နိုအီဒါမှာ သူတို့ ဆန္ဒမပါဘဲ အလုပ်လုပ်ကြရပါတယ်။
အလုပ်အကိုင်တွေနဲ့ လစာများများ ပေးမယ့်လို့ ကတိပေးထားပေမယ့် သူတို့ဟာ အွန်လိုင်း ပေါ်မှာ အမျိုးသမီးတွေအဖြစ် ဟန်ဆောင်လိမ်လည်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ လူတွေကို လိမ်လည် ဆွဲဆောင်ရပါတယ်။
အခုအချိန်အထိတော့ အဲဒီ ရာဇဝတ်မှု ဆက်စပ်လို့ မလေးရှား နိုင်ငံသား တစ်ဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အွန်လိုင်းက လိမ်လည်မှုတွေနဲ့ ပတ်သက်လို့ ၂၀၂၅ ခုနှစ်အတွင်း တိုင်ကြားချက်ပေါင်း ၂ ဒသမ ၈ သန်း ရှိခဲ့ပြီး ဒေါ်လာ ၂ ဒသမ ၄၂ ဘီလီယံ ဆုံးရှုံးခဲ့ရကြောင်း အိန္ဒိယ အမျိုးသား ဆိုက်ဘာ ရာဇဝတ်မှု သတင်း ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
အွန်လိုင်း လိမ်လည်မှုနဲ့ ပတ်သက်လို့ ၂၀၀၁ နောက်ပိုင်း တိုင်ကြားမှု ၄၀၀၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။
အမေရိကန် နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ နိုင်ငံတကာ ဆက်သွယ်ရေး စင်တာ အတု တစ်ခုကို အိန္ဒိယနိုင်ငံ လပ်ခ်နောင်းမြို့ ရဲတပ်ဖွဲ့က ဇူလိုင်လအတွင်း စီးနင်းပြီး လူ ၁၁၉ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
အလုပ်သမားတွေက ကုမ္ပဏီကြီးတွေနဲ့ အမေရိကန် အစိုးရ ဌာနတွေက ကိုယ်စားလှယ်တွေအဖြစ် ဟန်ဆောင်ပြီး လူတွေကို လိမ်လည်ခဲ့တာ ဖြစ်ပါတယ်။
Ref:Reuters/BBC

