စစ်မှုထမ်းဥပဒေ ကျင့်သုံးနေသရွေ့ လုပ်သားရှားပါးမှု ရေရှည်ပြဿနာဖြစ်လာနိုင်

မော်လမြိုင် ၊ နိုဝင်ဘာ ၂၈

ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဆက်လက်ကျင့်သုံးနေသရွေ့ လူငယ်တွေရဲ့ ပြည်ပထွက်ခွာမှုနဲ့ ရှောင်တိမ်းမှုတွေ ဆက်ဖြစ်နိုင်ပြီး လုပ်သားရှားပါးမှုက ရေတိုပြဿနာမဟုတ်ဘဲ ရေရှည်ပြဿနာတစ်ခု ဖြစ်လာနိုင်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ ISP-Myanmar က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်တွေအရ အလုပ်လုပ်နိုင်တဲ့ဦးရေ ၁၈ ဒသမ ၂ သန်းကျော်ရှိတဲ့ထဲက စစ်မှုထမ်းဖို့ အကျုံးဝင်သူဦးရေဟာ ၁၄ သန်းနီးပါးရှိတဲ့အတွက် လုပ်သားအင်အားရဲ့ လေးပုံသုံးပုံအထိ ပါဝင်နေတာပါ။

တချိန်တည်းမှာပဲ ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာနေတဲ့ လူငယ်အရေအတွက်ကလည်း များပြားနေပြီး ဒီအခြေအနေတွေက ပြည်တွင်းလုပ်သားအင်အား လျော့ကျမှုအပေါ် တိုက်ရိုက် သက်ရောက်နေတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ အသက်ဝင်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အတူ စစ်မှုထမ်းခေါ်ယူမှုဟာ အပတ်စဉ် (၃၀) အထိ ရောက်ရှိလာပြီး လူငယ်တစ်သိန်းခွဲဝန်းကျင် စစ်မှုထမ်းနေရပေမယ့် အဲဒီလိုခေါ်ယူနေမှုဟာ အကျုံးဝင်သူ ၁၄ သန်းအပေါ်မှာပါ သက်ရောက်နေပါတယ်။

အလိုမတူဘဲ စစ်မှုထမ်းရမှာကို စိုးရိမ်တာကြောင့် ပြည်ပနိုင်ငံတွေဆီ နည်းပေါင်းစုံသုံးပြီး အလုံးအရင်းနဲ့ ထွက်ခွာနေကြတဲ့သူတွေဟာ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်တွေကို ကြည့်ရင် အဲဒီအချိန်ကတည်းက ပြည်ပကို ရွှေ့ပြောင်းသွားသူ ၁ ဒသမ ၁ သန်းကျော် ရှိပါတယ်။ အဲဒီအထဲမှာ ခုနစ်သိန်းကျော်ဟာ စစ်မှုထမ်းဖို့ အကျုံးဝင်နေသူတွေ ဖြစ်ပါတယ်။

ပြည်ပရွှေ့ပြောင်းမှုနဲ့ အခြားအချက်တွေကို ထည့်သွင်းပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ လုပ်သားအင်အား ၂၃ ဒသမ ၉၇ သန်းရှိခဲ့ရာကနေ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ လုပ်သားအင်အား ၁၁ ဒသမ ၇ သန်းသာ ရှိတော့တာကြောင့် တနှစ်အတွင်း ၅၁ ဒသမ ၁၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာပါ။

ဒါဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်လုပ်သားအင်အားဆုံးရှုံးလာတာကို တိုက်ရိုက်ရည်ညွှန်းနေတဲ့ အချက်အလက်တခု ဖြစ်တယ်လို့ ISP-Myanmar က ဆိုပါတယ်။

ဒီလိုမျိုး ဖြစ်လာတဲ့ လုပ်သားဆုံးရှုံးမှုတွေဟာ စစ်အာဏာသိမ်းမှု အကျိုးဆက် စီးပွားရေးအကျပ်အတည်းဆိုက်ချိန်မှာ ဖြစ်လာတဲ့အတွက် လုပ်သားအင်အား လျော့ကျမှုနဲ့အတူ ဆင်းရဲမွဲတေမှုကလည်း မြင့်တက်လာနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းဟာ ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုနဲ့ ရင်ဆိုင်နေရတယ် ဒါမှမဟုတ် ကျရောက်နိုင်ခြေများတယ်လို့ UNDP က အခုနှစ် အောက်တိုဘာမှာ ထုတ်ဝခေဲ့တဲ့ ‘ဆင်းရဲနွမ်းပါးမှု ဇာစ်မြစ်အလွှာများ၊ မြန်မာနိုင်ငံရှိ ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှု’အစီရင်ခံစာမှာ အသိပေးထားတာပါ။

ပြည်တွင်းစီးပွားရေး ကျဆင်းပြီး ဆင်းရဲမွဲတေမှု ကြီးထွားနေတဲ့ ဒီအခြေအနေမှာ စီးပွားရေး ပြန်လည်ထူထောင်ဖို့ အဓိကလိုအပ်တဲ့ လူငယ်လုပ်သားအင်အားကို ဆုံးရှုံးနေရတာကြောင့် ကျပ်တည်းနေတဲ့ စီးပွားရေး နာလံထူဖို့ ပိုမိုခက်ခဲလာလိမ့်မယ်လို့ ထောက်ပြပါတယ်။

ဒီလိုအခြေအနေမှာ လူငယ်ထုရဲ့အင်အားကို စစ်ရေးမှာ သုံးနေရတာက နိုင်ငံ့ဖွံ့ဖြိုးရေးအတွက် ဆုတ်ယုတ်မှုတခုဖြစ်ပါတယ်။

တိုင်းပြည်အကျပ်ဆိုက်နေချိန်မှာ အလုပ်လုပ်နိုင်တဲ့ လူငယ်တွေ ပြည်ပထွက်ခွာနေရ၊ တိမ်းရှောင်နေရတာနဲ့ စစ်မှုထမ်းနေရတာတွေက အိမ်ထောင်စုတွေရဲ့ ဝင်ငွေအပေါ်လည်း သက်ရောက်နိုင်သလို နိုင်ငံရဲ့ စီးပွားရေး နာလံထနိုင်စွမ်းကိုပါ ထိခိုက်စေပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့ နောက်ဆက်တွဲအဖိုးအခကို စစ်မှုထမ်းခေါ်ယူခံရသူဦးရေနဲ့ တိုင်းတာလို့ မရဘဲ ခေါ်ယူခံရနိုင်ခြေကြောင့် ဖြစ်လာတဲ့ လူငယ်လုပ်သားအင်အား ဆုံးရှုံးမှုက ဆင်းရဲမွဲတေမှုကို ပိုမို နက်ရှိုင်းစေပြီး ရေရှည်ဖွံ့ဖြိုးရေးကို အလှမ်းဝေးစေတဲ့ အချက်တစ်ခုဖြစ်တယ်လို့ ISP-Myanmar က ထောက်ပြပါတယ်။

စစ်အစိုးရကတော့ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အလိုက် စစ်မှုထမ်း အကျုံးဝင်သူ အင်အားစာရင်းကို စနစ်တကျ မှတ်ပုံတင်ထားပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ညွှန်ကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.