ဆိုးလ်၊ ဇွန် ၂၃

ကြိုတင် မှန်းဆလို့မရတဲ့ ရှုပ်ထွေးတဲ့ ကမ္ဘာ့ လုံခြုံရေး အခြေအနေကို နိုင်နင်းအောင် ကိုင်တွယ်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ မိမိတို့ရဲ့ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံ့ အနေအထားကို အသုံးချဖို့ပဲ ဖြစ်တယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဇွန် ၂၃ ရက်မှာ ဖော်ပြပါတယ်။

ဂိုဏ်းစတားတွေလို လွှမ်းမိုးချယ်လှယ် လောဘကြီးတဲ့ အင်အားစုတွေက ကမ္ဘာတဝှမ်း ထိပ်တိုက်ရင်ဆိုင်တာတွေ၊ အကြမ်းဖက်တာတွေ လုပ်ဆောင်နေတဲ့အတွက်ကြောင့် စိတ်ကူးကြည့်လို့မရနိုင်တဲ့ အံ့သြစရာ ဖြစ်ရပ်တွေ အခင်းအကျင်းတွေ ဖြစ်ပွားနေကြောင်း၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းမှာ သွေးချောင်းစီးမှု ပိုဆိုးလာတာအတွက် အမေရိကန်ကို ကင်ဂျုံအန်က ပြစ်တင်ပြောဆိုထားပါတယ်။

ဇွန် ၂၀ ရက်က စတင်ပြီး ၂၂ ရက်မှာ ပြီးဆုံးခဲ့တဲ့ အာဏာရ အလုပ်သမားပါတီရဲ့ ဗဟို ကော်မတီ အစည်းအဝေးမှာ ကင်က အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့က သူတို့ရဲ့ ပူးပေါင်း နျူကလီးယား တည်နေရာကို အမြဲမပြတ် အဆင့်တိုးမြှင့်ပြီးတော့ ကိုရီးယား ကျွန်းစွယ်က လုံခြုံရေး အခြေအနေကို ပိုပြီး အန္တရာယ်ရှိအောင် လုပ်ဆောင်နေကြောင်းနဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က မြောက်ကိုရီးယားကို တိုက်ခိုက်ဖို့ပဲ ဖြစ်တယ်လို့ ကင်က စွပ်စွဲထားပါတယ်။

နည်းလမ်းပေါင်းစုံနဲ့ ရှုပ်ထွေးနေပြီး ကြိုတင် မှန်ဆလို့မရတဲ့ နိုင်ငံတကာ စစ်ရေး နိုင်ငံရေး အခြေအနေကို ယုံကြည်မှုရှိရှိ တက်တက်ကြွကြွ နိုင်နင်းအောင် ထိန်းချုပ်ဖို့က နျူကလီးယား လက်နက်တွေ စမ်းသပ်မှုက တဆင့် နျူကလီးယား အင်အား မပြတ် တိုးမြှင့်ရေးဟာ အမှန်ကန်ဆုံး နည်းလမ်း ဖြစ်တယ်လို့လည်း ကင်က ပြောပါတယ်။

သူတို့ပိုင်ဆိုင်ထားတဲ့ နျူကလီးယား လက်နက်တိုက်နဲ့ ဘယ်သို့ဘယ်ပုံ လုပ်ဆောင်သွားမယ် ဆိုတာကိုတော့ ကင်က အသေးစိတ် ပြောမထားပါဘူး။

ကင်က သမရိုးကျ လက်နက်တွေ ထပ်မံ ထုတ်လုပ်ပြီး မဟာဗျူဟာမြောက် တန်ချိန် ၁၀၀၀၀ ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်မှု အရှိန်မြှင့်ရေးလည်း ညွှန်ကြားထားပါတယ်။

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ မထုတ်လုပ်ရအောင် သူတို့ဆီ ပဲ့ထိန်းဒုံးကျည်တွေ မပေးပို့ရအောင် ၂၀၀၆ နဲ့ ၂၀၁၇ ခုနှစ်ကြား ကုလသမဂ္ဂနဲ့ အမေရိကန်တို့က ဒဏ်ခတ် ပိတ်ဆို့မှု အများအပြား ပြုလုပ်ခဲ့ပေမယ့် မြောက်ကိုရီးယားက ဂရုမစိုက်ဘဲ လက်နက် အမျိုးမျိုး ထုတ်လုပ်ပြီး စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ သဘောထားကြောင့် ဒေသဆိုင်ရာ အင်အားကြီး နိုင်ငံတွေ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။

မြောက်ကိုရီးယားက သူတို့ဟာ နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံ ဖြစ်တယ်လို့ ကြေညာထားပြီး သူတို့ရဲ့ နျူကလီးယား လက်နက်တွေကို စွန့်လွှတ်ဖို့ ဘယ်နိုင်ငံကမှာ နားချလို့ ရမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

အမေရိကန်၊ တရုတ်နဲ့ တောင်ကိုရီးယားတို့က နှစ်များစွာကြာ သံတမန် နည်းလမ်းအရ ညှိနှိုင်းဖို့ ကြိုးပမ်းခဲ့ကြပေမယ့် မြောက်ကိုရီးယားက နျူကလီးယား လက်နက် ပိုင်ဆိုင်ထားတဲ့ အခြေအနေကို လုံးဝ စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.