နေပြည်တော်၊ ဇွန် ၂၃
နိုင်ငံအတွင်းရှိ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို လိုင်စင်ထုတ်ပေးဖို့ မရှိသေးဘူးလို့ အသွင်းပြောင်း စစ်အစိုးရအဖွဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဒုဝန်ကြီး ဦးအောင်မြိုင်က ပြောပါတယ်။
မနေ့ ဇွန် ၂၂ ရက်နေ့က ကျင်းပပြုလုပ်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားလာပါတယ်။
မင်းလှဆန္ဒနယ် ကိုယ်စားလှယ် ဦးရဲထွဋ်အောင်၊ သံတောင်ကြီး မဲဆန္ဒနယ် ဦးစောဟေသားကြီးတို့က နိုင်ငံအတွင်းရှိ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို အခွန်ငွေ သတ်မှတ်ပေးသွင်းပြီး ဥပဒေနဲ့အညီ တရားဝင် လိုင်စင်ထုတ်ပေးဖို့ အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့တာပါ။
ဒုဝန်ကြီး ဦးအောင်မြိုင်က မြန်မာနိုင်ငံအတွင်း ရောက်ရှိနေတဲ့ တရားမဝင် ဆိုင်ကယ်တွေဟာ ဥပဒေနဲ့မညီတဲ့အတွက် အထောက်အထားတွေ တင်ပြနိုင်တာ မရှိတာကြောင့် မှတ်ပုံတင် ဆောင်ရွက်ပေးလို့ မရဘူးလို့ ပြောပါတယ်။
ဒါ့အပြင် လိုင်စင်မဲ့ ဆိုင်ကယ်တွေကို လိုင်စင်လုပ်ပေးပါက တရားမဝင် ကုန်စည်စီးဆင်းမှုကို အားပေးရာရောက်တာ၊ တရားမဝင် လမ်းကြောင်းက လာတာကြောင့် အရည်အသွေး မပြည့်ဝတာ၊ တရားဝင် ကုမ္ပဏီတွေနဲ့ တရားဝင် အခွန်ဆောင်ထားတဲ့သူတွေ နစ်နာမှုတွေ ရှိတာကြောင့် မှတ်ပုံတင် လုပ်ပေးလို့ မရဘူးလို့ ဆိုပါတယ်။
တဖက်မှာလည်း လိုင်စင်မဲ့ ဆိုင်ကယ် ရောင်းချနေတဲ့ ဆိုင်တွေကိုလည်း ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အရေးယူတာ၊ ၂၀၂၀ ခုနှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေနဲ့လည်း အရေးယူဆောင်ရွက်နေတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၉၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ စီမံချက် ၁၀ ကြိမ်အတွင်း ဆိုင်ကယ်အစီးရေပေါင်း သုံးသန်းကျော်ကို တရားဝင် လိုင်စင်ထုတ်ပေးခဲ့သလို တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်နဲ့လည်း လိုင်စင်ထုတ်ပေးတာတွေ ရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်

