မွန်က နေလှန်းဆားကို ခေတ်မီ နည်းပညာနဲ့ ထုတ်လုပ်ဖို့ စစ်အစိုးရခန့် ဝန်ကြီးချုပ်ပြော

သံဖြူဇရပ် ၊ နိုဝင်ဘာ ၂၉

မွန်ပြည်နယ်အတွင်းက ထွက်ရှိတဲ့ နေလှန်းဆားကို ခေတ်မီ နည်းပညာနဲ့ ထုတ်လုပ်ဖို့ စစ်တပ် အသွင်ပြောင်း စစ်အစိုးရခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ဆားလုပ်ငန်းရှင်တွေကို ပြောကြားလိုက်ပါတယ်။

နေလှန်းဆားကို ခေတ်မီ နည်းပညာနဲ့ ထုတ်လုပ်ဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှာ ပြုလုပ်တဲ့ ဒေသခံ ဆားလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဦးအောင်ဝင်းသန်းက နေလှန်းဆားကို ခေတ်မီ နည်းပညာနဲ့ စက်ကိရိယာတွေကို ထိရောက်စွာ ပေါင်းစပ် အသုံးပြုပါက လုပ်အားနဲ့ အချိန်ကုန် သက်သာစေမယ့်အပြင် သန့်ရှင်းသပ်ရပ်ပြီး အရည်အသွေး ကောင်းမွန်တဲ့ အိုင်အိုဒင်းဆားနဲ့ စက်မှု ကုန်ကြမ်းသုံးဆားတွေ တိုးမြှင့် ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆားလုပ်ငန်းရှင် တစ်ဦးကတော့ နေလှန်းဆားကို အဆင့်မြင့် ထုတ်လုပ်ဖို့ ပြောပေမယ့် လက်တွေ့မှာ အခက်အခဲ အများကြီး ရှိသလို လက်ရှိ ထုတ်လုပ်နေတဲ့ ဆားဈေးနဲ့ သိပ်မကွာတာကြောင့် လုပ်ဖို့ အဆင်မပြေဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဆင့်မြင့် ထုတ်ဖို့ ဆိုတာက တော်တော်လေးကို အခက်အခဲ အများကြီး ဖြစ်နေတယ်။ အဆင့်လိုက် အဆင့်လိုက် ပြန်ဆေး၊ ဆေးပြီးတော့ အခြောက် ပြန်ခံရမယ်။နောက်ပြီးတော့ ဂိုဒေါင်ဆိုလည်း ရှယ်သန့်သန့်လေး အမှိုက်တွေ မဝင်ရအောင် သေချာ လုပ်ပေးရတာပေါ့၊ နောက်ပြီးတော့ ဈေးကတော့ ပြောရမယ် ဆိုရင်တော့ သိပ်မကွာပါဘူး။လုပ်ဖို့ အတွက် အဆင်မပြေဘူးလေ”လို့ ဆိုပါတယ်။

ဒါ့အပြင် နေလှန်ဆားကို အဆင့်မြင့် ထုတ်လုပ်ဖို့အတွက်ဆိုရင် စက်ကိရိယာတွေ လိုအပ်ပြီး လက်ရှိ စက်ပစ္စည်း ဈေးနှုန်း အဆမတန် ကြီးမြင့် နေသလို ရရှိတဲ့ ဆားပေါက်ဈေးနဲ့ တွက်ပါက ဆားတောင်သူတွေအတွက် ဘယ်လိုမှ မကိုက်ဘူးလို့ သူက ဆက်ပြောပါတယ်။

ဆားလုပ်ငန်းရှင် နောက်တစ်ဦးကလည်း နေလှန်းဆားကို အဆင့်မြင့် ထုတ်လုပ်ဖို့အတွက်ဆိုရင် လုပ်ငန်းရှင်ကြီးတွေသာ တက်နိုင်မှာ ဖြစ်ပြီး လုပ်ငန်းရှင်ငယ်တွေအတွက် ကုန်ကျစရိတ်နဲ့ ထုတ်လုပ်မှုနဲ့ ဆိုရင် ကာမိမှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဟိုလုပ်ငန်းရှင် အကြီးကြီး ဆိုတော့လည်း အဲဒီနည်းပညာအနေနဲ့တော့ ထုတ်လုပ်နိုင်တာပေါ့၊ စက်ယန္တရား တွေနဲ့ပေါ့နော်၊ ဖိုသမား ဖိုငယ်သမားတွေ ဆိုလို့ကျရင်တော့ အဲဒီလောက်တော့ မတက်နိုင်ဘူး။ ကုန်ကျစရိတ်နဲ့ ထုတ်လုပ်မှုနဲ့ ဆိုရင်တော့ မကာမိဘူးလေ။လုပ်ဖို့ ဆိုတာက တော်တော် အခက်အခဲ ဖြစ်တာပေါ့”လို့ ဆိုပါတယ်။

တဖက်မှာ စစ်အစိုးရခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်က နေလှန်းဆားတွေကို ပြည်တွင်း စားသုံးမှု ဖူလုံစေရုံသာမက ပြည်ပ ဈေးကွက်တွေကိုပါ တင်ပို့ ရောင်းချနိုင်တဲ့အထိ ကြိုးပမ်း ဆောင်ရွက်ဖို့ ဆားလုပ်ငန်းရှင်တွေကို ပြောဆိုခဲ့ပါသေးတယ်။

မြေပြင်အခြေအနေမှာတော့ ဒေသတွင်းက ထွက်ရှိတဲ့ နေလှန်းဆားတွေကို ဝယ်ယူမှု နည်းပါးတဲ့အတွက် နေလှန်းဆား အဟောင်း တစ်ပိဿာကို ကျပ် ၅၀၀ ဝန်းကျင်သာ ရရှိပြီး နေလှန်းဆား အသစ် ထွက်ရှိပါက ဈေးနှုန်း ထက်ကျနိုင်တယ်လို့ ဆားလုပ်ငန်းရှင်တွေက ပြောပါတယ်။

နေလှန်းဆား လုပ်ငန်းတွေဟာ လုပ်သား ရှားပါးတာ၊ စက်သုံးဆီ ဝယ်ယူရ အခက်အခဲ ရှိတာ အပြင် ရာသီဥတု အခြေအနေကြောင့် လာမယ့် ဇန်နဝါရီလ လောက်မှသာ နေလှန်းဆား အသစ် ထွက်ရှိဖို့ ရှိနေတာပါ။

မွန်ပြည်နယ်မှာတော့ နေလှန်းဆားကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ အဓိက လုပ်ကိုင် ကြတာ ဖြစ်ပြီး နှစ်စဉ် ဆားတန်ချိန် ၄၀,၀၀၀ ကျော် ထွက်ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Meida

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.