ပုလော၊ နိုဝင်ဘာ ၂၉
တနင်္သာရီတိုင်း ပုလောမြို့နယ် မင်းထိန်ကျေးရွာ တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှု များပြားနေပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်ဆောင်နေတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းကစလို့ အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်၊ ဒရုန်းနဲ့တိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သလို တစ်နေ့လုံးနီးပါး လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
မင်းထိန်ကျေးရွာတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် သုံးဦး ကျဆုံးထားပြီး စစ်တပ်ဘက်က အနည်းဆုံး ဆယ်နဲ့ချီ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ချက်အရ မင်းထိန်ကျေးရွာ တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ထံကနေ လက်နက်ခဲယမ်းတချို့ပါ သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ မြိတ်-ပုလောလမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ကစလို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်ဟာ ဒေသခံပြည်သူတချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုတာနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ နယ်မြေခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

