မြဝတီ၊ နိုဝင်ဘာ ၂၉
ကရင်ပြည်နယ် မြဝတီမြို့ သောင်ရင်းမြစ်ကမ်းအနီးက ကျားဖြန့်ရုံတွေကို အာဏာသိမ်း စစ်တပ်ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်စီးနင်းပြီးနောက် နိုင်ငံခြားသားတွေအပါအဝင် လူ ၈၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့က စစ်တပ်၊ ရဲနဲ့ နယ်ခြားစောင့်တပ် BGF အင်အား ၂၀၀ ကျော်ဟာ မြဝတီမြို့ အမှတ် (၅) ရပ်ကွက်၊ ၉၉၉ သုံးလုံးဂိတ်ဟောင်းအနီး ဖားခြောက်ကောင်ကုန်းအဆင်းရှိ ကာစီနိုအွန်လိုင်း လောင်းကစားရုံတွေကို ဝင်ရောက်စီးနင်းခဲ့တာပါ။
အဲဒီစီးနင်းမှုအတွင်း တရုတ်၊ ထိုင်း၊ ကမ္ဘောဒီယားနဲ့လာအိုအပါအဝင် နိုင်ငံခြားသား ၂၀၀ ကျော်၊ မြန်မာ ၆၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးချိန်မှာ ကျားဖြန့်လုပ်ငန်းသုံး ကွန်ပျူတာ အလုံး ၂၀၀ ကျော်နဲ့ဖုန်းအလုံး ၂၀၀၀ ကျော်အပါအဝင် ဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
မြို့ခံတွေရဲ့ပြောပြချက်အရ ဝင်ရောက်စီးနင်းခံရတဲ့ ကျားဖြန့်ရုံတွေဟာ စစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ငွေပေးပြီး လုပ်ကိုင်နေကြတာ ဖြစ်ပြီး အခုဖမ်းဆီးမှုဟာ ဟန်ပြသဘောသာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထားတဲ့သူတွေကိုတော့ မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ချစ်ကြည်ရေးလမ်းရှိ အောင်ဇမ္ဗူလင်းဟိုတယ်မှာ ထိန်းသိမ်းထားပြီး စရဖ၊ လဝကနဲ့လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

