ဘီးလင်း၊ ဇွန် ၂၃

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ရွှေမျောလုပ်ကွက် ငါးခုကို အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲသွားတာကြောင့် ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ ဇွန် ၂၂ ရက်နေ့ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ ဘီးလင်းမြစ်ကြောင်း တစ်လျှောက် ရွှေတူးဖော်နေတဲ့ ရွှေမျောလုပ်ကွက် နေရာ ငါးခုကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ လေယာဉ်တွေနဲ့ ၁၂ ကြိမ် ဗုံးကြဲသွားတာ ဖြစ်ပါတယ်။

လေကြောင်းဗုံးကြဲခံရတဲ့ ရွှေမျောလုပ်ကွက်တွေဟာ ဘင်ဘန်း၊ ဝင်းကတိုက် ညောင်တွဲလွဲ၊ ရွှေလောင်းအင်းနဲ့ ဘရာတော်ကျေးရွာအနီးရှိ ရွှေမျောလုပ်ကွက်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ကနဦး အချက်အလက်တွေအရ ရွှေမျောလုပ်ကွက်တွေ ဗုံးကြဲခံရတာကြောင့် ရွှေမျောလုပ်သား တစ်ဦး သေဆုံးထားပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပြီး ရွှေဖောင် အများအပြား ပျက်စီးထားပါတယ်။

ဗုံးကြဲသွားတဲ့ ရွှေမျောလုပ်ကွက်တွေကို ဒီကနေ့ မနက်ပိုင်းမှာလည်း စစ်တပ်ဘက်က လေကြောင်း ဆက်လက်ပျံဝဲမှုတွေ ရှိနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရွှေမျောလုပ်ကွက်တွေ ဗုံးကြဲခံရတာကြောင့် ဘင်ဘန်း၊ ဝင်းကတိုက် ညောင်တွဲလွဲ၊ ရွှေလောင်းအင်းနဲ့ ဘရာတော်ကျေးရွာတွေက ပြည်သူ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့က ဘီးလင်းမြို့နယ် ဝင်းကလေးကျေးရွာအနီးရှိ တရုတ် ရွှေမျော လုပ်ကွက်တွေ လေကြောင်းကနေ ဗုံးကြဲခံရလို့ ရွှေမျောလုပ်သား ငါးဦးသေဆုံးပြီး တရုတ်နိုင်ငံသားတွေအပါအဝင် ရွှေမျောလုပ်သား ဆယ်နဲ့ချီ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဘီးလင်းမြို့နယ် ဘီးလင်းမြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေမှာ ရွှေမျောလုပ်ကွက် ၁၀၀ ကျော် ရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အဲဒီလုပ်ကွက်တွေမှာ တရုတ်နိုင်ငံသား အများအပြား လာရောက်လုပ်ကိုင်နေတယ်လို့သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.