ကွာလာလမ်ပူ၊ ဇွန် ၂၀

ပဋိပက္ခတွေနဲ့ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေအနေနဲ့ သူတို့ကို အကာအကွယ် ပေးဖို့ လိုအပ်တဲ့ အသိအမှတ်ပြုမှု ရရှိရေး မလေးရှား ဥပဒေတွေကို လေးစားလိုက်နာကြရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ ဒု‌က္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောလိုက်ပါတယ်။

ဒုက္ခသည်တွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေကနေ ကင်းလွတ်ခွင့်ရှိသူတွေ မဟုတ်တဲ့ အတွက် အိမ်ရှင်နိုင်ငံနဲ့ ဒုက္ခသည်တွေကြား အပြန်အလှန် လေးစားမှု ရှိရမှာ ဖြစ်တယ်လို့ မလေးရှားရှိ UNHCR ကိုယ်စားလှယ် လူစီ အူဘင်က ပြောပါတယ်။

“ဒုက္ခသည်အားလုံး ဥပဒေတွေကို လေးစားလိုက်နာရပါမယ်။ ဒုက္ခသည်တွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေတွေကနေ ကင်းလွတ်ခွင့်မရှိပါဘူး။ ဒါကြောင့် အပြန်အလှန် လေးစားကြရမှာ ဖြစ်ပါတယ်။ အဲဒါက အိမ်ရှင်နိုင်ငံနဲ့ ဒုက္ခသည်တွေကြား စာချုပ်နဲ့ တူသလောက်နီးနီးပါပဲ။ ဒုက္ခသည်တွေ ဥပဒေတွေ လေးစားလိုက်နာရပါမယ်”လို့ ကိုယ်စားလှယ် မစ္စစ် လူစီ အူဘင်က ပြောဆိုပါတယ်။

ကွာလာလမ်ပူမြို့မှာ ဇွန် ၂၀ ရက်က ကျင်းပတဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ ညီလာခံ ပြင်ပမှာ သူက သတင်းထောက်တွေကို အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေ အထူးသဖြင့် ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ အများပြည်သူ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ ပြောကြားရာမှာ UNHCR အနေနဲ့ ဒုက္ခသည်တွေအဖြစ် သတ်မှတ်ဖို့ တင်းကြပ်တဲ့ လိုအပ်ချက်တွေ သတ်မှတ်ထားပြီး ဖြစ်သလို မလေးရှားသို့ ရောက်လာသူတိုင်း ဒုက္ခသည်အဖြစ် သတ်မှတ်ခံနေရတာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

လူတစ်ယောက်ကို ဒုက္ခသည်အဖြစ် အသိအမှတ် မပြုခင် ရှည်လျားတဲ့ တွေ့ဆုံမေးမြန်းမှုတွေနဲ့ သတင်းအချက် တိကျစွာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သူက ဆိုပါတယ်။

သူတို့ ဘယ်သူဘယ်ဝါ ဖြစ်တယ်၊ ဘာကြောင့် သူတို့နိုင်ငံက ထွက်ပြေးလာတယ်ဆိုတဲ့ ပြောဆိုချက်တွေ မှန်၊မမှန်ကို မိမိတို့ ကမ္ဘာတဝှမ်းရှိ ရုံးတွေနဲ့ အသေအချာ စစ်ဆေးလို့ရတယ်လို့ မစ္စစ် လူစီ အူဘင်က ပြောပါတယ်။

ပိုပြီး ဖွဲ့စည်းပုံကောင်းတဲ့ ဒုက္ခသည် စီမံခန့်ခွဲရေး စနစ် စတင်လိုက်တဲ့ မလေးရှားရဲ့ ကြိုးပမ်းမှုကို သူက ကြိုဆိုထားပါတယ်။

Ref:BERNAMA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.