ဂျေရုစလင်၊ ဇွန် ၂၂

အစ္စရေးမှာ အခြေအနေတွေ မတည်ငြိမ်သေးပေမယ့် ထိုင်းက အလုပ်သမား ဒါဇင်ပေါင်းများစွာကို အစ္စရေးသို့ စေလွှတ်လိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အီရန်၊ အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီထားတယ်ဆိုပေမယ့် အခြေအနေတွေ မတည်ငြိမ်သေးဘဲ တိုက်ခိုက်မှုတွေ မကြာခဏ ပြန်လည် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမာ့စ်အဖွဲ့ရဲ့ တိုက်ခိုက်မှု အတွင်း ထိုင်း အလုပ်သမား ၃၉ ဦး သေဆုံးခဲ့ပြီး ၃၁ ဦး ဓားစာခံတွေအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။

ဒါပေမဲ့ အစ္စရေးမှာ ထိုင်းအလုပ်သမား အင်အား လျော့မသွားခဲ့ဘဲ ပိုလို့တောင် များလာတယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။

အဲဒီ တိုက်ခိုက်မှု မတိုင်ခင်က အစ္စရေးမှာ ထိုင်းအလုပ်သမား ၃၀၀၀၀ လောက်ပဲ ရှိခဲ့ရာက နောက်ပိုင်းမှာ ၅၀၀၀၀ အထိ ပိုများလာခဲ့ပါတယ်။

ထိုင်းအလုပ်သမားတွေဟာ အစ္စရေးရဲ့ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်တွေမှာ ဝင်ရောက် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

ဝမ်းနည်းစရာ ဖြစ်ရပ်တွေ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပေမယ့်လည်း အစ္စရေးသို့ သွားရောက်တဲ့ ထိုင်းအလုပ်သမားတွေ အခုလို ပိုများလာတာ ဖြစ်ပါတယ်။

ဟားမာ့စ်အဖွဲ့ ဖမ်းဆီးထားတဲ့ ထိုင်း အလုပ်သမားတွေထဲက ၂၈ ဦး အသက်ရှင်လျက် ပြန်လွတ်မြောက်လာခဲ့ပေမယ့် ၃ ဦးကတော့ ဖမ်းဆီးချိန်အတွင်းနဲ့ တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလက အစ္စရေးမြောက်ပိုင်းကို ဟစ်ဇဘိုလာအဖွဲ့ရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုအတွင်း ထိုင်း စိုက်ပျိုးရေး အလုပ်သမား ၄ ဦးနဲ့အတူ သူတို့ရဲ့ အလုပ်ရှင်တွေပါ သေဆုံးခဲ့ရပါတယ်။

အခုနှစ် စောစောပိုင်းကလည်း အသက် ၃၄ နှစ်အရွယ် ထိုင်းမွေးမြူရေး အလုပ်သမား တစ်ဦး အီရန်ရဲ့ အတွဲလိုက် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်အစအနတွေ ထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။

ဒီလို အဖြစ်အပျက်တွေ ရှိနေပေမယ့် ပိုကောင်းတဲ့ ဘဝတစ်ခု တည်ဆောက်လိုတဲ့ ထိုင်းအလုပ်သမားတွေဟာ အစ္စရေးသို့ ကြောက်ရွံ့စိတ်မရှိဘဲ သွားနေကြတယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။

အစ္စရေးက စိုက်ခင်းတွေမှာ အလုပ်လုပ်တဲ့ ထိုင်းအလုပ်သမား တစ်ယောက်အနေနဲ့ တစ်လကို ဘတ် ၇၇၀၀၀ ရရှိတယ်လို့ သိရပါတယ်။

ထိုင်းမှာ တစ်လကို အဲဒီလောက် လုပ်ခလစာ မရှာဖွေနိုင်တဲ့ အလုပ်သမားတွေဟာ အစ္စရေးမှာ အခြေအနေတွေ ရှုပ်ထွေးနေတာကို သိထားပေမယ့် အလုပ်လုပ်ဖို့ ထိုင်းအလုပ်အကိုင် ခန့်ထားရေး ဌာနကတဆင့် လျှောက်ထားပြီးသွားရောက်နေကြပါတယ်။

အင်္ဂလိပ်စကား ဒါမှမဟုတ် ဟီဘရူးစကား နည်းနည်းပါးပါး ပြောတတ်ရင် အစ္စရေးမှာ အလုပ်ရဖို့ လွယ်တယ်လို့ ထိုင်းအလုပ်သမားတွေက ပြောပါတယ်။

ဒီလို သွားရောက်ဖို့အတွက်လည်း ဘာသာစကားသင်တန်းတွေအပြင် အလုပ်အကိုင်ဆိုင်ရာ လေ့ကျင့်ရေးသင်တန်းတွေ တက်ရတဲ့ အပြင် စာမေးပွဲလည်း ဖြေရတယ်လို့ သိရပါတယ်။

အတွေ့အကြုံရှိရင်ရှိသလို လစာပိုရနိုင်ပြီး တစ်လကို ဘတ် ၁၅၀၀၀၀ အထိ ရရှိနိုင်တယ်လို့ အစ္စရေးသို့ သွားရောက်ဖို့ ကြိုးစားနေတဲ့ ထိုင်းအလုပ်သမားတွေက ပြောပါတယ်။

အခုလို အစ္စရေးသို့ အလုပ်လုပ်ဖို့ သွားနေတဲ့ ထိုင်းအလုပ်သမားတွေထဲမှာ ပထမဆုံးအကြိမ် သွားရောက်သူ အများစု ပါဝင်နေပြီး သူတို့အနေနဲ့ မိခင်နိုင်ငံမှာ စီးပွားရေး မတည်ငြိမ်တာကြောင့် အစ္စရေးမှာ ကျရောက်လာနိုင်တဲ့ အန္တရာယ်ကို မစိုးရိမ်ဘူးလို့ အများစုက ပြောကြပါတယ်။

အများစုဟာ စက်ရုံတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေနဲ့ တခြား ကိုယ်ကာယ အားစိုက်ထုတ်ရတဲ့ အလုပ်တွေမှာ လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.