ဒါကာ၊ ဇွန် ၂၂

ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရာချထားပေးရေး မြေနေရာပိုပေးဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုမှုကို ဘင်္ဂလားဒေ့ချ် အစိုးရက ပယ်ချလိုက်ပါတယ်။

ဒုက္ခသည်တွေကို မြန်မာနိုင်ငံသို့ အလျင်အမြန်၊ ဘေးအန္တရာယ်ကင်းကင်း၊ ရေရှည်နေနိုင်အောင် ပြန်လည် ပို့ဆောင်ရေး ဘင်္ဂလားဒေ့ချ်က ကုလသမဂ္ဂမှာ ထပ်ပြီး တောင်းဆိုထား ပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို နေရာချထားပေးရေး နောက်ထပ် မြေနေရာပေးဖို့ ကုလသမဂ္ဂက မကြာသေးခင်က တောင်းဆိုခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။

ဒါပေမဲ့ ဘင်္ဂလားဒေ့ချ် အစိုးရက အဲဒီ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ပြီး ပြဿနာ အတွက် ရေရှည် ဖြေရှင်းနည်းဟာ ဘင်္ဂလားဒေ့ချ်ရှိ သူတို့ နေထိုင်ရာ နေရာတွေကို တိုးချဲ့တာထက် သူတို့ရဲ့ မိခင်နိုင်ငံ ပြန်ပို့နိုင်ရေးအပေါ် မူတည်နေတယ်လို့ ပြောထားပါတယ်။

အဲဒီ ကိစ္စကို ဇွန် ၁၉ ရက်က ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ရဲ့ ရှင်းလင်း တင်ပြမှုအတွင်းလည်း အလေးထား ပြောဆိုသွားတာ တွေ့ရ ပါတယ်။

ရိုဟင်ဂျာ ပြဿနာ ဖြစ်လာရတဲ့ အကြောင်းရင်းတွေဟာ မြန်မာနိုင်ငံမှာ ရှိနေတာ ဖြစ်တဲ့ အတွက် ရေရှည်တည်တံ့မယ့် အဖြေကို မြန်မာနိုင်ငံမှာပဲ ရှာဖွေရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ချ် အမြဲတမ်း သံအမတ်ကြီး ဆဘာဟူဒင် နိုမန် ချောင်ဟူရီက ပြောပါတယ်။

ဘင်္ဂလားဒေ့ချ်ဟာ မြန်မာနိုင်ငံကနေ နှင်ထုတ်လိုက်တဲ့ ရိုဟင်ဂျာတွေကို လူသားချင်း စာနာထောက်ထားပြီး လက်ခံထားတာဟာ ဆယ်စုနှစ် တစ်စုနီးပါး ရှိနေပြီ ဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဒါပေမဲ့ အဲဒီ ပြဿနာကြောင့် မိမိတို့ နိုင်ငံအတွက် လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လုံခြုံရေးဆိုင်ရာ သိသာတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။

အဲဒီလို ဒုက္ခသည် အများအပြား အချိန်အကြာကြီး လက်ခံထားရတာကြောင့် ဒေသခံ အသိုင်းအဝိုင်းတွေနဲ့ နိုင်ငံတကာ အရင်းအမြစ်တွေအပေါ် ကြီးမားတဲ့ ဖိအား ရှိလာစေတာကြောင့် ရေရှည် တည်တံ့မယ့် အဖြေရှာဖွေဖို့ မရှိမဖြစ် လိုအပ်တယ်လို့ ဘင်္ဂလားဒေ့ချ် သံအမတ်ကြီးက ပြောပါတယ်။

ဒုက္ခသည်တွေကို အန္တရာယ်ကင်းစွာ၊ ဂုဏ်သိက္ခာရှိရှိ ကိုယ့်သဘောနဲ့ကိုယ် နေရပ် ပြန်နိုင်စေရေး ဖြစ်နိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့လည်း သူက နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဒေသဆိုင်ရာ အဓိက သက်ဆိုင်သူတွေကို တိုက်တွန်းထားပါတယ်။

ရိုဟင်ဂျာတွေ ထွက်ပြေးလာခဲ့ရတဲ့ အဓိက အကြောင်းရင်းကို ဖြေရှင်းရေးနဲ့ တာဝန်ရှိသူတွေကို တာဝန်ခံခိုင်းရေး နိုင်ငံတကာ အားကောင်းကောင်းနဲ့ ကူညီ ပေးကြဖို့လည်း သူက တိုက်တွန်းပြောဆိုထားပါတယ်။

Ref:DailyNewsNation

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.