ဆိုးလ်၊ ဇွန် ၂၂
၂၀၂၄ ခုနှစ်မှာ သမ္မတဟောင်း ယွန်ဆွတ်ယိုလ်ရဲ့ စစ်အုပ်ချုပ်ရေး ဥပဒေကြေညာဖို့ ကြိုးပမ်းမှုမှာ ပါဝင် ပတ်သက်ခဲ့တဲ့အတွက် တောင်ကိုရီးယား တရားရေးဝန်ကြီးဟောင်းကို တရားရုံး တစ်ရုံးက ဇွန် ၂၂ ရက်မှာ ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်ပါတယ်။
တော်လှန်ပုန်ကန်မှုမှာ ပါဝင်တဲ့အတွက် ဝန်ကြီးဟောင်း ပက်ဆွန်ဂျေးမှာ အပြစ်ရှိကြောင်း ဆိုးလ် ဗဟိုဒေသတရားရုံးက အမိန့်ချမှတ်ခဲ့တာ ဖြစ်ကြောင်း Yonhap သတင်းဌာနက ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာက ယွန်ဆွတ်ယိုလ် ကြေညာခဲ့တဲ့ စစ်အုပ်ချုပ်ရေး ဥပဒေဟာ ၆ နာရီပဲ ကြာခဲ့ပြီး လွှတ်တော်အမတ်တွေက အရေးပေါ် အစည်းအဝေး ကျင်းပကာ ပယ်ချခဲ့ကြပါတယ်။
အဲဒီနောက် သူဟာ တော်လှန်ပုန်ကန်မှုကို ဦးဆောင်သူအနေနဲ့ ပြစ်မှု ထင်ရှားခဲ့ပြီး သူ့ရဲ့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အတွက် အယူခံဝင်နေချိန် ထိန်းသိမ်းခံထားရပါတယ်။
သူ့ရဲ့ စစ်အုပ်ချုပ်ရေး ဥပဒေကြေညာမှု တရားဝင် ဖြစ်စေရေး ယွန်ဆွတ်ယိုလ်က မြောက်ကိုရီးယားသို့ ဒရုန်းတွေ စေလွှတ်ခဲ့ပြီး နိုင်ငံပြဿနာ ဖြစ်အောင် ဖန်တီးမှုအတွက် အခုလ စောစောပိုင်းက ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံခဲ့ရပါတယ်။
ဝန်ကြီးဟောင်း ပက်ဆွန်ဂျေးဟာ စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာပြီး မကြာခင်မှာ တရားရေးဝန်ကြီးဌာန အရာရှိတွေနဲ့ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ကာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ထိန်းသိမ်းဖို့ အကျဉ်းထောင်ထဲရှိ အကျဉ်းသား အရေအတွက်ကို စစ်ဆေးခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
တရားရေးဝန်ကြီးအနေနဲ့ သူက စစ်အုပ်ချုပ်ရေးဥပဒေ ထိရောက်လိမ့်မယ်ဆိုတဲ့ ယူဆချက်နဲ့ အဲဒီ ဥပဒေအတိုင်း ပူးပေါင်းဆောင်ရွက်ကြဖို့ သူက ညွှန်ကြားခဲ့တယ်လို့ အမိန့် စီရင်ချက်ကို ကိုးကားပြီး Yonhap သတင်းဌာနက ဖော်ပြပါတယ်။
ဝန်ကြီးဟောင်း ပက်ဟာ တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်ခဲ့ပြီး အာဏာအလွဲသုံးစား လုပ်မှု အတွင်း တော်လှန်ပုန်ကန်ဖို့အတွက် ဥပဒေကို အသုံးချခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောကြားပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။
ဝန်ကြီးဟောင်းဟာ သူ့ရဲ့ လုပ်ရပ်တွေအတွက် နောင်တရကြောင်းလည်း မပြသခဲ့ဘူးလို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။
ယွန်ဆွတ်ယိုလ်ရဲ့ ညအချိန် ရုပ်သံက စစ်အုပ်ချုပ်ရေး ဥပဒေကြေညာချက်ကြောင့် တောင်ကိုရီးယားမှာ မကြုံစဖူး နိုင်ငံရေး ပြဿနာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး စတော့ရှယ်ယာဈေးကွက် ထိုးဆင်းကျသွားခဲ့သလို အမေရိကန်လို အဓိက မဟာမိတ်နိုင်ငံတွေက သတိထားစောင့်ကြည့်ခဲ့ကြပါတယ်။
သမ္မတဟောင်း ယွန်လက်အောက်ရှိ အရာရှိတွေ အများကြီးဟာလည်း ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရ ပါတယ်။
Ref:Reuters

