ဘန်ကောက်၊ ဇွန် ၂၀
စူပါအယ်လ်နီညို ရာသီဥတုရဲ့ သတိပေး လက္ခဏာတွေ ပိုပြီး ရှင်းလင်းလာနေချိန် ထိုင်းနိုင်ငံအနေနဲ့ အဆိုးဆုံး အခြေအနေ အဆင့် ၄ ဆင့်အတွက် ကြိုတင်ပြင်ထားကြဖို့ ကာဆက်စက် တက္ကသိုလ်ရဲ့ အဏ္ဏဝါ ဂေဟစနစ် ပညာရှင် လက်ထောက်ပါမောက္ခ ဒေါက်တာ သွမ် သမ်ရွမ်နာဝါဆာဝပ်က သတိပေးလိုက်ပါတယ်။
ခြောက်သွေ့ကာလတွေကနေ မိုးခေါင်ရေရှား ဖြစ်မှုတွေ ဖြစ်လာတဲ့အချိန်အထိ၊ အပူချိန် အလွန်အမင်း မြင့်မားရာကနေ ရေပြတ်လပ်မှု ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တဲ့ အရှိန်မြင့်တက်လာမယ့် အခြေအနေ မတိုင်ခင် ထိုင်းအနေနဲ့ ကြိုတင်ပြင်ဆင်ဖို့ အချိန် အများကြီး ရှိမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
အယ်လ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာမယ့် အခြေအနေဆိုးတွေဟာ လာမယ့်နှစ် နှစ်လယ်ပိုင်းအထိ ကြာမြင့်နိုင်တယ်လို့ ရာသီဥတုပညာရှင်တွေက ခန့်မှန်းထားပါတယ်။
ဒီပြဿနာအတွက် အဓိကကျတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်စေမယ့် အချက်တွေကို ဖော်ထုတ်ပြီး အဆင့် လေးဆင့်အတွက် ကြိုတင် ပြင်ဆင်ထားဖို့ ဒေါက်တာ သွမ်က အကြံပြုပါတယ်။
ဒီကနေ့ အချိန်ကစပြီး ရေစီမံခန့်ခွဲမှုကို စီမံခန့်ခွဲမှု အရှိန်မမြှင့်ဘူးဆိုရင် ရေအရင်းအမြစ်တွေ၊ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးတို့အပေါ် ရိုက်ခတ်မှုတွေ ရှိလာတဲ့ အထိ အခြေအနေ ပြင်းထန်လာနိုင်တယ်လို့ သူက သတိပေးထားပါတယ်။
ဇွန်လနဲ့ ဇူလိုင်လအတွင်း ရာသီဥတု အခြေအနေ အများစု ပုံမှန်လို ဆက်ရှိနေဦးမှာ ဖြစ်ပေမယ့် ပြောင်းလဲမှု တချို့နဲ့ အပူချိန် မြင့်တက်မှု တချို့ ရှိနိုင်တယ်လို့ သူက ပြောပါတယ်။
ဒုတိယအဆင့် သြဂုတ်ကနေ အောက်တိုဘာအတွင်းမှာတော့ ရာသီဥတု အခြေအနေတွေ ပြင်းထန်လာတော့မှာ ဖြစ်ပြီး မိုးရွာချိန် ရှည်ကြာတာ၊ တောင်တရုတ်ပင်လယ်မှာ အပူချိန် မြင့်တက်တာ၊
အားကောင်းတဲ့ မုန်တိုင်းတွေ ပုံမှန်မဟုတ်ဘဲ ဝင်ရောက်လာတာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သူက သတိပေးထားပါတယ်။
နိုဝင်ဘာကနေ ဇန်နဝါရီလအတွင်း အယ်လ်နီညို ရာသီဥတု အခြေအနေတွေ အမြင့်မားဆုံး အဆင့် ရောက်ရှိလာမှာ ဖြစ်ပြီး ဆောင်းရာသီမှာ ပူတာ၊ မိုးတွေ အများကြီးရွာပြီး ခြောက်သွေ့ရာသီ ဥတု ဖြစ်လာတာမျိုးလို ရာသီဥတု ကမောက်ကမ ဖြစ်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ သူက ပြောပါတယ်။
စတုတ္ထအဆင့် လာမယ့်နှစ် ဖေဖော်ဝါရီကနေ ဇွန်လအတွင်း ရာသီဥတု ပြင်းထန်မှု စတင် လျော့ပါးလာနိုင်ပေမယ့် ရေပြတ်လပ်မှုလို အခြေအနေဆိုးတွေနဲ့ ဆက်လက် ကြုံတွေ့ရနိုင်တယ်လို့ ဒေါက်တာ သွမ်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဧပြီလအတွင်း အပူချိန် အလွန်အမင်း မြင့်မားမှုကြောင့် တောမီးများ လောင်ကျွမ်းနိုင်ပြီး လေထု ညစ်ညမ်းမှု ကျန်းမာရေး အန္တရာယ်ရှိနိုင်တဲ့ အဆင့်အထိ မြင့်တက်နိုင်တယ်လို့ သူက ပြောပါတယ်။
Ref:TheNationThailand

