ကျိုက်ထို၊ ဇွန် ၂၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို အာဏာသိမ်း စစ်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်နေ့ နေလည် ၁ နာရီအချိန်လောက်မှာ ကျိုက်ထိုမြို့နယ် ချောင်းစောင့်ကျေးရွာကို လေကြောင်းကနေ ဗုံးနှစ်လုံး လာရောက်ကြဲချသွားပါတယ်။
ဒါ့အပြင် ဇွန် ၁၉ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာလည်း ကျိုက်ထိုမြို့နယ် ဆင်တွင်းကျေးရွာကို လေကြောင်းကနေ ဗုံး နှစ်လုံး ထပ်မံကြဲချသွားတာပါ။
အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုအတွင်း တော်လှန်ရေး ရဲဘော် လေးဦးနဲ့ အရပ်သား အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်တွေအပါအဝင် အရပ်သားပြည်သူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ကျိုက်ထိုမြို့နယ်မှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ကြောက်လန့်စိတ်နဲ့ ရှင်သန်နေထိုင်နေရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်နေ့ကလည်း အာဏာသိမ်း စစ်တပ်ဟာ မွန်ပြည်နယ် ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီ စစ်ရှောင်ဒုက္ခသည်စခန်းကို လေကြောင်းကနေ ဗုံးကြဲသွားတာကြောင့် အဆောက်အဦး ငါးလုံးထက်မနည်း ထိမှန်ပျက်စီးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

