မြဝတီ၊ ဇွန် ၂၁
ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ ရပ်ကွက်ရှိ နေအိမ် တစ်လုံး မီးလောင်မှုမှာ ကလေးငယ် နှစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်က အဲဒီနေအိမ်မှာ ညနေစာအတွက် ဂတ်စ်အိုးနဲ့ချက်ပြုတ်ရာမှ အနီးအနားရှိ ဓာတ်ဆီပုံးတွေကို မီးကူးစက်ရာကနေ နေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။
မီးလောင်မှုကြောင့် နေအိမ်အတွင်း အိပ်နေတဲ့ အသက် ၉ လအရွယ် ယောင်္ကျားလေးနဲ့ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တို့ မီးလောင်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အသက် ၆၀ အရွယ် အမျိုးသား တစ်ဦး မီးလောင်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
မြို့ခံတွေရဲ့ ပြောပြချက်အရ အဲဒီနေအိမ်ဟာ စက်သုံးဆီတွေကို လက်လီရောင်းတဲ့ နေအိမ် ဖြစ်တယ်လို့ သိရပါတယ်။
နေအိမ် မီးလောင်မှုကို မြို့နယ်မီးသတ်အဖွဲ့နဲ့မြို့ခံပြည်သူတွေ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ မီးလောင်ပြီး မိနစ် ၃၀ အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

