ဘုတ်ပြင်း၊ ဇွန် ၂၀

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ချောင်းမွန်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ရှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄ တပ်ရင်း ၂၀၃ က ဇွန် ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့က ချောင်းမွန်ကျေးရွာအနီးမှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အချိန် ၃ နာရီနီးပါးကြာတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က ရှစ်ဦး သေဆုံးပြီး ၂၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တွေ ထိခိုက်ကျဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။

ဘုတ်ပြင်းမြို့နယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ အာဏာသိမ်း စစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးပြီးတပ်စွဲနေထိုင်နေတာကြောင့် တော်လှန်ရေးအဖွဲ့တွေနဲ့ မကြာခဏဆိုသလို နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်၂၂ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ် လေညာ ရတနာပုံလမ်းပိုင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် အရာရှိတစ်ဦး အပါအဝင် စစ်သား ၁၀ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.