မော်လမြိုင်၊ ဇွန် ၂၀
မွန်ပြည်နယ်အတွင်း ပြည်သူ့စစ်မှုထမ်း ခေါ်ယူရာမှာ ဖမ်းဆီးငွေကြေးတောင်းခံမှုတွေကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ် စစ်အစိုးရအဖွဲ့ရဲ့ လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်းက ပြောပါတယ်။
မနေ့ ဇွန် ၁၉ ရက်နေ့ ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်ရဲ့ စစ်မှုထမ်း ခေါ်ယူမှုနဲ့ပတ်သက်တဲ့ မေးခွန်းအပေါ် ပြန်လည်ဖြေကြားခဲ့တာပါ။
လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက စစ်မှုထမ်း ခေါ်ယူရာမှာ ကန့်သတ်ဆင့်ခေါ်တာ၊ အကျိုးစီးပွားရှာတာ၊ ဖမ်းဆီးငွေကြေးတောင်းခံမှုတွေကို ပြည်သူ့စစ်မှုထမ်း ဥပဒေ ပုဒ်မ ၂၅ အရ အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်း ဥပဒေ ပုဒ်မ ၂၅ အရ ဥပဒေ ဖော်ဆောင်ရတဲ့ နိုင်ငံဝန်ထမ်း ဒါမှမဟုတ် အဖွဲ့အစည်းဝင် တစ်ဦးဦးဟာ တာဝန်ကို မရိုးမဖြောင့်တဲ့ သဘောနဲ့ ပြုလုပ်တာ၊ ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားရင် သုံးနှစ်ထက် မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
မေးခွန်းရှင်ကတော့ စစ်မှုထမ်း ခေါ်ယူရာမှာ ဥပဒေအတိုင်း မဟုတ်ဘဲ အဆိုးဆုံးအနေနဲ့ လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးပြီးနောက် ပြန်လွတ်ချင်ရင် ငွေကျပ် သိန်းရာချီ တောင်းခံနေတဲ့ ဖြစ်စဉ်တွေ များစွာ ပေါ်ပေါက်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်ရဲ့ စစ်မှုထမ်း ခေါ်ယူမှုဟာ လူကို ရောင်းကုန် တစ်ခုလို စီးပွားရေး ဈေးကွက် တစ်ခုလို ဖြစ်နေတဲ့အတွက် ပြည်သူ့ စစ်မှုထမ်း ဥပဒေ ခေါင်းစဉ် တပ်ပြီး ဥပဒေနဲ့မညီတဲ့ လုပ်ရပ် ကျူးလွန်သူတွေကို အရေးယူပေးဖို့ မေးခွန်းရှင်က တိုက်တွန်းထားပါတယ်။
ဒေသတွင်းမှာတော့ မွန်ပြည်နယ် စစ်အစိုးရအဖွဲ့က စစ်မှုထမ်း ဖမ်းဆီးငွေကြေးတောင်းခံမှုတွေကို အရေးယူသွားမယ်ဆိုတဲ့ ဖြေကြားချက်အပေါ် လက်တွေ့ အကောင်အထည် ဖော်ပေးဖို့ တောင်းဆိုတာတွေ ရှိသလို လုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၅ အထိ ဒေသတွင်းရှိ လူငယ် ၅၂၀၀ ထက်မနည်း စစ်သားစုဆောင်ခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

