ဟီရတ်၊ ဇွန် ၁

အာဖဂန်နစ္စတန် အနောက်ပိုင်း ဟီရတ်မြို့မှာ အစ္စလာမ်မစ် ဥပဒေအတိုင်း ဝတ်ဆင်ရမယ်လို့ တင်းကြပ်စွာ သတ်မှတ်ထားမှု ချိုးဖောက်တယ်ဆိုတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးမှုအပေါ် ကန့်ကွက်တဲ့ ကြုံတောင့်ကြုံခဲ ဆန္ဒပြပွဲကို ဖြိုခွင်းရာမှာ တာလီဘန်ရဲတပ်ဖွဲ့က ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ ဆန္ဒပြသူတွေက ပြောပါတယ်။

လူ နှစ်ဦး သေဆုံးခဲ့ကြောင်း ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေက ပြောကြားပေမယ့် ဘယ်ပုံဘယ်နည်း သေဆုံးခဲ့သလဲဆိုတာနဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ ပြောမပါဘူး။

အဲဒီဆန္ဒပြပွဲအတွင်း တခြား လူ အများအပြားလည်း ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

ဟီဂျက် ခေါ် ခေါင်းစည်းအဝတ် အသေအချာ မဝတ်ဘူးလို့ ထင်မှတ်ရတဲ့ အမျိုးသမီးတွေကို ဒေသဆိုင်ရာ တာဘီဘန်အစိုးရ အရာရှိတွေက စတင်ဖမ်းဆီးခဲ့ပြီးနောက် လမ်းပေါ်ထွက် ဆန္ဒပြရာမှာ အမျိုးသားတွေရော အမျိုးသမီးတွေပါ ပါဝင်ခဲ့ကြပါတယ်။

ဟီရတ်မြို့ ရဲတပ်ဖွဲ့က လူသေဆုံးမှု ရှိတယ်ဆိုတဲ့ သတင်းတွေကို ပယ်ချထားပေမယ့် ဆန္ဒပြပွဲကို သူတို့ တုံ့ပြန်ခဲ့တယ်ဆိုတာကိုတော့ အသိပေးထားပါတယ်။

လုံခြုံရေးနဲ့ အများပြည်သူဆိုင်ရာ ဥပဒေကိုလိုက်နာစေဖို့ သေချာစေအောင် အရာရှိတွေက အရေးယူဆောင်ရွက်ခဲ့ တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆန္ဒပြပွဲကို ဖြိုခွင့်ဖို့ ရဲတပ်ဖွဲ့က ဘယ်နည်းလမ်းတွေ အသုံးပြုခဲ့သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောကြားပေမယ့် သူတို့ကို တိုက်ရိုက်မေးမြန်းချိန်မှာတော့ ရဲတပ်ဖွဲ့က အတည်ပြုမပေးပါဘူး။

လူတွေကို အုပ်စုခွဲဖို့ လုံခြုံရေး တပ်ဖွဲ့တွေက တုတ်တွေ၊ ကြာပွတ်တွေနဲ့ ခဲယမ်းမီးကျောက်တွေ အသုံးပြုခဲ့တယ်လို့ ဆန္ဒပြသူ တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မိုးပေါ်ထောင်ပြီးတော့လည်း သေနတ်တွေ ပစ်ဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

လူတွေ ဒဏ်ရာရထားတာ သူမြင်တွေ့ခဲ့ရတယ်လို့လည်း အဲဒီ ဆန္ဒပြသူက ပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို တိုက်ခိုက်ပြီး လူအုပ်ထဲ လက်နက်တွေနဲ့ တိုက်ရိုက် ပစ်ခတ်ခဲ့ကြောင်းနဲ့ ဆန္ဒပြပွဲအတွင်း လူအတော်များများ ဒဏ်ရာရရှိခဲ့တယ်လို့ ဓာတ်ပုံ သတင်းထောက်တစ်ဦးက ပြောပါတယ်။

ဒီပြောဆိုမှုတွေကို လွတ်လပ်စွာ အတည်ပြုဖို့ မဖြစ်နိုင်ဘူးလို့ ဘီဘီစီ သတင်းဌာနက ပြောပါတယ်။

အွန်လိုင်းပေါ် တင်ထားတဲ့ ဗီဒီယိုဖိုင်တွေမှာ သေနတ်ပစ်သံတွေကို ရှင်းရှင်းလင်းလင်း ကြားနေရပြီး အမျိုးသမီးတွေက သူတို့ကို မရိုက်ဖို့ အော်ဟစ်နေတာတွေလည်း ကြားရပါတယ်။

ဆန္ဒပြသူတွေဟာ အများပြည်သူကို ထိခိုက်စေနိုင်တဲ့ အပြုအမူတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဟီရတ်မြို့ ရဲဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဆေယက် မာဆောက် ဟိုစိန်က ပြောပါတယ်။

ဗီဒီယိုဖိုင် တစ်ခုမှာ ဆန္ဒပြသူ တချို့က ပညာသင်ယူခွင့်၊ အလုပ်လုပ်ခွင့်နဲ့ လွတ်လပ်ခွင့်တို့ တောင်းဆိုခဲ့ကြတာကိုလည်း ကြားရပါတယ်။

ဟီရတ်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပေါ် လုံခြုံရေး တပ်ဖွဲ့က လွန်ကဲတဲ့ အင်အား အသုံးပြုခဲ့တာကြောင့် ထိတ်လန့်မိကြောင်း အာဖဂန်နစ္စတန် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး ရစ်ချက် ဘားနက်က လူမှုမီဒီယာမှာ ရေးသားထား ပါတယ်။

အဲဒီလို အင်အား အလွန်အကျွံသုံးခဲ့သူတွေကို အရေးယူပေးဖို့လည်း သူက တောင်းဆိုထား ပါတယ်။

အာဖဂန်နစ္စတန်မှာ ၂၀၂၁ ခုနှစ် သြဂုတ်လက တာလီဘန်တို့ အာဏာပြန်ယူလိုက်ပြီး နောက်ပိုင်း တာလီဘန်တွေကို ဆန့်ကျင်တဲ့ အထူးသဖြင့် အမျိုးသမီးတွေ ကန့်ကွက်ဆန္ဒပြမှုတွေ မမြင်တွေ့ရသလောက် ရှားပါးသွားခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.